Tuesday 21 October 2014

အုပ်စုဖွဲ့၍ယာဉ်ဖြင့်တိုက်မိသကဲ့သို့ဟန်ဆောင်ကာလျော်ကြေးငွေ တောင်းခံ သည့်အဖွဲ့မှ ပါဝင်သူများကို ဖမ်းဆီးရမိ


ရန်ကုန်၊ အောက်တိုဘာ ၂၁

ရန်ကုန်တိုင်း ဒေသကြီး အတွင်း၌ ယာဉ်ဖြင့် တိုက်မိဟန်ဆောင်၍ လျော်ကြေးငွေ တောင်းခံသည့် အဖွဲ့မှ ပါဝင်သူများကို ကျောက်တံတား မြို့နယ်အတွင်း၌ ဖမ်းဆီးရမိခဲ့ပြီး အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

ဖြစ်စဉ်မှာ ၁၃.၁၀.၂၀၁၄ ရက်နေ့ ၂၁၄၅ အချိန်ခန့်တွင် ကျောက်တံတားမြို့နယ်၊ အနော်ရထာလမ်း နှင့် (၃၃)လမ်းထိပ်တွင် မောင်းနှင်နေသော မော်တော်ယာဉ် တစ်စီး၏ ၀ဲဘက်နောက်ကြည့်မှန်အား ကြည့်မြင်တိုင်မြို့နယ်နေ ရဲမင်းဦးမှ လက်ဖြင့်ရိုက်ပြီး မှန်ကွဲသွားစဉ် ယာဉ်ဖြင့်တိုက်မိသည်ဟု ပြောကာ ၎င်းနှင့် အတူပါသူ ကတုံးမ(ခ)ပြည့်ဖြိုးခိုင်(ခ)အင်ကြင်းခိုင်မှ ရဲစခန်းသို့ အမှုဖွင့်ရန်သွားရောက် မည်ဟုပြောဆိုပြီး ၎င်း၏ခင်ပွန်းဖြစ်သူ အာလူး(ခ)ဇော်ဦးကို ဖုန်းဆက်ခေါ်ခဲ့ပါသည်။

ထိုသို့ဖြစ်ပွားစဉ် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များရောက်ရှိလာကာ ဒဏ်ရာရရှိသည် ဟုပြောဆိုသူ ရဲမင်းဦး နှင့် မအင်ကြင်းခိုင်တို့အား ကျောက်တံတားမြို့မရဲစခန်း သို့ခေါ်ဆောင်ခဲ့ပြီး ရဲမင်းဦးအား ဆေးစာဖြင့် ရန်ကုန်ဆေးရုံကြီးသို့ဆေးစစ်ရန် ပို့ဆောင်ပေးခဲ့ပါသည်။

ကတုံးမ(ခ)ပြည့်ဖြိုးခိုင်(ခ)အင်ကြင်းခိုင်၏ ဖုန်းဆက်ခေါ်ဆိုမှုအရ ၎င်း၏ခင်ပွန်း ဖြစ်သူအာလူး(ခ) ဇော်ဦးနှင့် ကျော်ကြီး(ခ)ကျော်ကျော်အောင်တို့မှာ ကျောက်တံတားမြို့မ ရဲစခန်းသို့ရောက်ရှိလာသဖြင့် ဖြစ်စဉ်အားစိစစ်ဆောင်ရွက်နေစဉ် ယာဉ်မောင်းသူမှ လွန်ခဲ့သော ဇူလိုင်လအတွင်းက လှိုင်မြို့နယ်၊ ရွာမကွေ့အနီး၌ ယာဉ်ဖြင့်တိုက်မိဟန်ဆောင်၍ ငွေကျပ်(၁၅၀၀၀၀)တောင်းယူ သွားခဲ့ဖူးသူများမှာ ရောက်ရှိလာသော အာလူး(ခ)ဇော်ဦးနှင့်အဖွဲ့ဖြစ်သည်ကို မှတ်မိသိရှိခဲ့ပါသည်။

ထိုသို့ သိရှိရသဖြင့် ရဲတပ်ဖွဲ့ဝင်များမှ ကတုံးမ(ခ)ပြည့်ဖြိုးခိုင်(ခ)အင်ကြင်းခိုင်၊ အာလူး(ခ)ဇော်ဦးနှင့် ကျော်ကြီး(ခ)ကျော်ကျော်အောင်တို့အား စစ်ဆေးဆောင်ရွက် ခဲ့ရာ ၎င်းတို့အဖွဲ့သည် ယာဉ်ဖြင့် တိုက်မိသကဲ့သို့ဟန်ဆောင်ခဲ့ပြီး အဆိုပါ ယာဉ်မောင်းထံမှ ငွေကြေး တောင်းခံရန် ပြုလုပ်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။
ဆေးရုံတွင် ဆေးကုသရန်ပို့ဆောင်ထားသူ ရဲမင်းဦးမှာလည်း ဆေးရုံမှ ဓါတ်မှန်ရိုက်ရန် ဆောင်ရွက်နေစဉ် ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါသည်။

ပေါ်ပေါက်ချက်အရ ကြည့်မြင်တိုင်မြို့နယ်နေသူများဖြစ်သည့် ကတုံးမ(ခ) ပြည့်ဖြိုးခိုင်(ခ)အင်ကြင်းခိုင်၊ (၂၇)နှစ်၊ အာလူး(ခ)ဇော်ဦး၊ (၃၇)နှစ်နှင့် ကျော်ကြီး (ခ)ကျော်ကျော်အောင်၊ (၃၃)နှစ်တို့အား ကျောက်တံတားမြို့မရဲစခန်းမှ ခြေချုပ်နှင့် ခံဝန်ဥပဒေပုဒ်မ-၅(၁)(ဂ) ဖြင့် အသီးသီး အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ပါသည်။

ဖမ်းဆီးအရေးယူဆောင်ရွက်ထားသူ ကတုံးမ(ခ)ပြည့်ဖြိုးခိုင်(ခ)အင်ကြင်းခိုင်၊ အာလူး(ခ)ဇော်ဦးနှင့် ကျော်ကြီး(ခ)ကျော်ကျော်အောင်တို့အား အလားတူ ကျူးလွန်ခဲ့မှုများအား ဖော်ထုတ်စစ်ဆေးခဲ့ရာ ၎င်းတို့(၃)ဦးသည် ၂၀၁၄ ခုနှစ်၊ သြဂုတ်လအတွင်းက သွားခေါ(ခ)သန်းနိုင်၊ ကြက်ကုလား၊ ရောင်ကြီး ဆိုသူတို့နှင့်အတူ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်လမ်းဆုံအနီးတွင် သွားခေါ(ခ)သန်းနိုင်မှ ကိုယ်ပိုင်ယာဉ်တစ်စီးအား တိုက်မိသကဲ့သို့ ဟန်ဆောင်ကာ လှဲချခဲ့ပြီး လျော်ကြေးငွေအဖြစ် ငွေကျပ်(၈၀၀၀၀) အားလည်းကောင်း၊ ကုလားလေး၊ မခင်ချိုဝင်း၊ ရဲမင်းဦးတို့နှင့်အတူ ကမာရွတ်မြို့နယ်၊ လှည်းတန်း မီးပွိုင့် အနီးတွင် ပြည်လမ်းအတိုင်း မောင်းနှင်နေသော ယာဉ်တစ်စီးအား ကုလားလေးမှ ပွတ်တိုက်ခံ၍ လျော်ကြေးငွေအဖြစ် ငွေကျပ်(၁၀၀၀၀၀)အားလည်းကောင်း တောင်းခံ ရယူခဲ့ကြကြောင်း၊ စက်တင်ဘာလအတွင်း ကလည်း ကုလားလေး၊ မခင်ချိုဝင်း၊ ရဲမင်းဦးတို့နှင့်အတူ မင်္ဂလာတောင်ညွန့် မြို့နယ်၊ (၉၄)လမ်းအတွင်း ကိုယ်ပိုင်ယာဉ်တစ်စီးအား မခင်ချိုဝင်းမှ တိုက်မိသကဲ့သို့ ဟန်ဆောင်ကာ လှဲချပြီး လျော်ကြေးငွေကျပ်(၁၅၀၀၀၀)အားလည်းကောင်း၊ သွားခေါ(ခ)သန်းနိုင်၊ ကြက်ကုလား၊ ခိုင်ကြီးတို့နှင့်အတူ မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံအနီးတွင် ကိုယ်ပိုင်ယာဉ်တစ်စီးအား ခိုင်ကြီးမှ ပွတ်တိုက်ခံ၍ လျော်ကြေးငွေကျပ် (၁၅၀၀၀၀)အားလည်းကောင်း၊ သွားခေါ(ခ)သန်းနိုင်၊ ကြက်ကုလားတို့နှင့်အတူ ပုဇွန်တောင်မြို့နယ်၊ ရေကျော်လမ်း၌ ကိုယ်ပိုင်ယာဉ်တစ်စီးအား သွားခေါ(ခ)
သန်းနိုင်မှ ပွတ်တိုက်ခံ၍ လျော်ကြေးငွေကျပ်(၆၀၀၀၀)အားလည်းကောင်း တောင်းခံရယူပြီး ခွဲဝေယူခဲ့ကြကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ထိုသို့ပေါ်ပေါက်ချက်များအရ ယင်းသို့ကျူးလွန်ရာတွင်ပါဝင်သူသွားခေါ(ခ)သန်းနိုင်၊ ကြက်ကုလား၊ ရောင်ကြီး၊ ရဲမင်းဦး၊ ကုလားလေး၊ မခင်ချိုဝင်းတို့(၆)ဦးအား ဖမ်းဆီးရမိရေး ဆက်လက်စုံစမ်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ယင်းသို့ ယာဉ်တိုက်မိသကဲ့သို့ ဟန်ဆောင်ကာ ငွေကြေးတောင်းခံသည့် ဖြစ်စဉ်များအား မိဘပြည်သူ များအနေဖြင့် သတိပြုနိုင်စေရန်နှင့် အလားတူ ဖြစ်စဉ်များအတိုင်း ဖြစ်ပွားကြုံတွေ့ရပါကလည်း ရဲတပ်ဖွဲ့သို့ ဆက်သွယ်သတင်း ပေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပေးနိုင်ပါရန် အသိပေး ဖော်ပြအပ်ပါသည်။

Yangon Police
https://www.facebook.com/yangonpolice

No comments:

Post a Comment