Tuesday 21 October 2014

ဖူးခက်တွင် အသက် ၁၄ နှစ်အရွယ် မြန်မာမိန်းကလေးအား အဓမ္မပြုကျင့်ခဲ့သူအား တရားရုံးတင်နိုင်တော့မည်ဟု ဆို


ထိုင်းနိုင်ငံ ဖူးခက်ဒေသတွင် အသက်
၁၄ နှစ်အရွယ် မြန်မာမိန်းကလေး တစ်ဦး
 အား အဓမ္မပြုကျင့်ခဲ့သူတစ်ဦးနှင့် မုဒိမ်းပြု
ကျင့်ရာတွင် ကူညီခဲ့သူ တရားခံ ၏ ဇနီး
အား ဖမ်းဆီးထိန်းသိမ်းထားပြီး တရားစွဲ
ဆိုထားကြောင်း သတင်းရရှိ ပါသည်။



ခွတ်ခက်ရဲတပ်ဖွဲ့မှ အရာရှိ ပါလီတာကန်ဆင်းက "တရားခံ ၂ ဦးလုံးအတွက် လက်ဗွေ အပါအ၀င် သက်သေ အထောက်အထားတွေ ပြင်ဆင် စုစည်းနေ ပါတယ်" ဟု ဖူးခက်ဂေဇတ်သတင်းသို့ ပြောကြားသည်။

အဆိုပါ မြန်မာမိန်းကလေးအား မုဒိမ်းပြုကျင့်ခဲ့သူ ကိုနိုင်နှင့် ကူညီခဲ့သူ ဇနီးတို့မှာ မြန်မာနိုင်ငံသားများဖြစ်ပြီး ဖန်ငါအကျဉ်းထောင်တွင် ထိန်းသိမ်းထားသည်ဟု သိရှိရပြီး ရဲတပ်ဖွဲ့၏လုပ်ငန်းများအား အမြန်ဆုံးပြီးစီးရန် ဆောင်ရွက်နေသည်ဟု ပါလီတာက ဆိုသည်။

သြဂုတ် ၂၂ တွင် ဖြစ်ပွားခဲ့သည့် အဓမ္မမှုအတွက် ကိုနိုင်က ၀န်ခံခဲ့သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။ တရားလို မိန်းကလေး၏ အဆိုအရ ကိုနိုင်နှင့် ဇနီး တို့သည် သူမအား ၎င်းတို့အားလုံး အလုပ်လုပ်ရာနှင့် နေထိုင်ရာ ဆောက်လုပ်ရေး လုပ်ငန်းခွင်အနီးရှိ ဈေးတစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်ဟု ဆိုသည်။ ဈေးမှ အပြန်တွင် မိန်းကလေးအား ကိုနိုင် က အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

မိန်းကလေး က “ဈေးကပြန်လာချိန်မှာ သူ့မိန်းမက အိမ်သာဝင်ချင်တယ်ဆိုပြီး ဘယ်သူမှမရှိတဲ့ အဆောက်အအုံဟောင်းတစ်ခုထဲကို ၀င်သွားပါတယ်။ ခနနေတော့ ကိုနိုင်က ကျွန်မကို သူ့မိန်းမအနောက်လိုက်ခိုင်းပါတယ်။ ကျွန်မက ငြင်းတော့ အဲသည်အိမ်အိုထဲကို အတင်းဆွဲခေါ်ပြီး အဓမ္မကျင့်ဖို့ ကြိုးစားပါတယ်။ သူ့မိန်းမက ကျွန်မကို ကူချုပ်ထားပေးပြီး အဓမ္မကျင့်ခဲ့ပါတယ်။ ကျွန်မက လွှတ်အောင်ရုန်းကန်ရင်း မျက်နှာမှာ ဒဏ်ရာရခဲ့ပါတယ်”ဟု ရဲတပ်ဖွဲ့အား ပြောကြား ခဲ့သည်။

မုဒိမ်းမှု ဖြစ်ပွားပြီး နောက်တစ်နေ့တွင် ကိုနိုင်၏ ဇနီးက မိန်းကလေးအား မိုဘိုင်းလ်ဖုန်း အသစ်တစ်လုံးနှင့် ဘတ် ၅၀၀၀ ပေးခဲ့ပြီး အဖြစ်အပျက် အား မည်သူ့ကိုမျှ ပြန်မပြောရန် ပြောခဲ့သည် ဟု ရဲအရာရှိ ပါလီတာက ပြောကြား ခဲ့သည်။ အဆိုပါ မိန်းကလေးအား လက်ရှိတွင် ဖန်ငါရှိ "ပညာရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း" (FED) ၌ စောင့်ရှောက်ထားသည်။

ပါလီတာက “မိန်းကလေးနဲ့ မိသားစုဟာ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကနေ FED ကို ပြောင်းရွှေ့လာပြီး အမှုပြီးတဲ့အထိ နေထိုင်မှာပါ”ဟု ဆိုသည်။ မိန်းကလေး၏ မိသားစုက FED နှင့် ဦးစွာတိုင်ပင်ပြီးမှ ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့က တရားလိုနှင့် သံသယရှိသူတို့အား ညှိနှိုင်းရန် ဦးစွာတောင်းဆိုခဲ့သည်။ တရားစွဲဆို ခြင်းမပြုရန်အတွက် ကိုနိုင်က လျော်ကြေး ထိုင်းဘတ်ငွေ ကိုးသောင်း ပေးရန် သဘောတူပြီး အဆိုပါ လျော်ကြေးငွေကို မိန်းကလေး၏ ဖခင်က လက်ခံလိုသော်လည်း မိန်းကလေးက သဘောမတူခဲ့ပေ။

မိန်းကလေးက "အဖေ့ရဲ့ဆုံးဖြတ်ချက်ကို သဘောမတူပါဘူး။ သူတို့ လင်မယားရဲ့ လုပ်ရပ်ဟာ ဘ၀ကိုအရမ်းခက်ခဲစေပြီး ခွင့်မလွှတ်နိုင်စရာဖြစ်တဲ့အတွက် တရားစွဲသွားမှာပါ" ဟု ရဲတပ်ဖွဲ့အား ပြောကြားခဲ့သည်။

မိန်းကလေး၏ ဖခင်ကမူ “တရားခံလင်မယားမှာလဲ ကလေးနှစ်ယောက်ရှိတဲ့အတွက် တရားစွဲပြီး ဒုက္ခရောက်အောင် မလုပ်ချင်ပါဘူး။ မြန်မာနိုင်ငံကိုပြန်ဖို့ ဆုံးဖြတ်ထားပါတယ်။ သမီးက တရားစွဲစေချင်ပြီး ဒီအဖြစ်အပျက်က ကျနော်တို့ မိသားစုကိုလည်း နာမည်ပျက်စေပါတယ်။ နောက်ဆုံးမှာတော့ သမီးရဲ့ ဆန္ဒအတိုင်း တရားစွဲဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့ပါတယ်”ဟု FED ၀န်ထမ်း များအား ပြောခဲ့သည်။

တရားခံ ဖြစ်သူ ကိုနိုင်နှင့် ဇနီးအား အရွယ်မရောက်သေးသူကို အဓမ္မပြုကျင့်မှု၊ အဓမ္မပြုကျင့်ရာတွင် ကူညီမှုတို့ဖြင့် တရားစွဲဆိုထားသည့် အပြစ်ရှိကြောင်း အမိန့်ချမှတ်ခံရပါက ဘတ်ငွေ ဘတ် ၈၀၀၀ မှ ၄၀၀၀၀ အထိနှင့် ၄ နှစ် မှ ၂၀ နှစ်အထိ ကျခံရနိုင်ကြောင်း ဖူးခက်ဂေဇတ်သတင်းတွင် ဖော်ပြထားသည်။


သတင်းနှင့် ဓါတ်ပုံ - .Phuket Gazette
The Ladies News Journal

No comments:

Post a Comment