Tuesday 21 October 2014

မွေးဖွားမှုမှတ်ပုံတင်အစီအစဉ် ပထမဆုံး စတင်


မြန်မာနိုင်ငံရဲ့ မွေးဖွားမှု မှတ်ပုံတင်ခြင်း ရက်သတ္တ ပတ်လှုပ်ရှားမှု အစီအစဉ်ကို ပထမဆုံး အဖြစ် မကွေး၊ ဟားခါးနဲ့ မော်လမြိုင်မြို့ကြီးတွေမှာ အောက်တိုဘာလ ၂၀ ရက်နေ့က စတင်လိုက်ပါတယ်။

ဒီအစီအစဉ်ကို ဥရောပ သမဂ္ဂနိုင်ငံများ အဖွဲ့ အီးယူရဲ့ ငွေကြေးပံ့ပိုးမှုနဲ့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ၀န်ကြီးဌာန၊ အမျိုးသား စီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန၊ ကျန်းမာရေး ၀န်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့က ယူနီဆက်ဖ် နဲ့ ပူးပေါင်း ဆောင်ရွက်တာ ဖြစ်ပါတယ်။

လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမြင့်က ဒီစီမံချက်နဲ့ပတ်သက်ပြီး “မွေးမှတ်ပုံတင်စနစ် အားကောင်းလာဖို့ ရည်ရွယ်ပြီး ရေရှည်မှာ ပြည့်စုံကောင်းမွန်တဲ့ ပြည်သူ့ရေးရာ မှတ်ပုံတင်စနစ်ပေါ်ပေါက်လာဖို့ လုပ်ဆောင်သွားရမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံဟာ မွေးဖွားမှုစာရင်းမှတ်ပုံတင်တာမှာ  တိုးတက်မှုရှိနေပေမယ့် ကလေးစုစုပေါင်း ၁၆ သိန်းဟာ မွေးစာရင်းမှတ်ပုံတင်မရှိပဲ နေထိုင်နေကြတယ်လို့ ယူနီဆက်ဖ်က သတင်းထုတ်ပြန် ပါတယ်။

ရန်ကုန်က ကလေး အားလုံးနီးပါး မွေးဖွားမှုမှတ်ပုံတင်စာရင်းရှိပေမယ့် ချင်းပြည်နယ်က ကလေး ၇၆ ရာခိုင်နှုန်း၊ မကွေးတိုင်းက ကလေး ၄၃ ရာခိုင်နှုန်းနဲ့ မွန်ပြည်နယ်က ကလေး ၁၁ ရာခိုင်နှုန်းမှာ မွေးစာရင်းမရှိဘူးလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုကျင်းပတဲ့ လှုပ်ရှားမှုကာလအတွင်းမှာ ဒေသခံအာဏာပိုင်တွေက သက်ဆိုင်ရာဒေသမှာ မွေးဖွား စာရင်း မှတ်ပုံတင်မရှိတဲ့ ကလေးတွေကို ရှာဖွေဖော်ထုတ်ပြီး မွေးစာရင်းတွေ ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။

By ပိုင်စိုး (ဒီဗွီဘီ)
http://burmese.dvb.no/archives/68456

No comments:

Post a Comment