ဝါရှင်တန်- ကော်ဖီနေ့တိုင်းသောက်သူများတွင် အသည်းလုပ်ဆောင် ချက် တိုးတက်ကောင်းမွန်ကာ ရောဂါဖြစ်ပွားမှုကို ဟန့်တားနိုင်သဖြင့် အသည်းကျန်းမာရေးကို တိုးတက်စေသည်ဟု အမေရိကန်အမျိုးသား ကင်ဆာရောဂါကုဌာနမှ သုတေသီများက ပြောသည်။
ကဖိန်းမပါသော ကော်ဖီနှင့် ပုံမှန်ကော်ဖီနှစ်မျိုးစလုံး အပါအ၀င် ကော်ဖီသောက်သူများတွင် အမိုင်နိုအက်စစ်များ ဖြစ်ပေါ်စေသော အင်ဇိုင်းအုပ်စု(Aminotransferase), ခန္ဓာကိုယ်တစ်သျှူးများအားလုံးတွင် တွေ့ရသော ပရိုတိန်းဓာတ် (Alkaline Phoshatase) နှင့် ဂါမာဂလူတာမိုင်းအင်ဇိုင်း (Gamma Glutamyl) များအပါအ၀င် အသည်းလုပ်ဆောင်ချက်ညံ့ဖျင်းခြင်း လက္ခဏာဖြစ်သော ရောဂါဖြစ်ပေါ်မှုကို ပြသသည့်အရာများ (Biomarkers) မြင့်မားစွာ ပါဝင်မှုလျော့နည်းကြောင်း မကြာမီကပြုလုပ်သော လေ့လာမှုတစ်ရပ်အရ သိရသည်။
ယင်းအင်ဇိုင်းများ ခန္ဓာကိုယ်အတွင်း မြင့်မားစွာပါဝင်နေခြင်း က အသည်းပျက်စီးခြင်းကို ဖော်ပြနေပြီး ဆီးချိုရောဂါ၊ နှလုံးသွေးကြောဆိုင်ရာရောဂါ၊ အရက်မသောက်သူများ၏ အသည်းအဆီဖုံးရောဂါ၊ အသည်းရွတ်ရောဂါ(Cirrhosis) နှင့် အသည်းကင်ဆာရောဂါတို့ကဲ့သို့ ကျန်းမာရေးပြဿနာများနှင့် ဆက်နွှယ်မှုရှိသည်။
အမေရိကန်အမျိုးသား ကျန်းမာရေးနှင့် အာဟာရလေ့လာရေးအဖွဲ့၏ လေ့လာမှုအတွင်း ကော်ဖီသောက်လေ့ရှိသူ အသက်(၂၀)နှစ်နှင့် အထက် လူပေါင်း ၂၇,၇၉၃ ဦးထံမှ သွေးနမူနာများ ရယူကာ လေ့လာစိစစ်ခဲ့သည်။ ကော်ဖီသောက်သူများတွင် အသည်းကျန်းမာရေးညံ့ဖျင်းမှုနှင့်ဆက်နွှယ်သည့် အင်ဇိုင်းပါဝင်မှု အဆင့်နည်းပါးကြောင်း သုတေသီများ လေ့လာတွေ့ရှိခဲ့သည်။ လေ့လာမှုအတွင်း ပါဝင်သူများမှာ ကဖိန်းဓာတ်မပါသော ကော်ဖီသောက်သူဖြစ်စေ၊ သာမန်ကော်ဖီသောက်သူဖြစ်စေ အသည်းကျန်းမာရေးအပေါ်ကောင်းကျိုးရှိကြောင်း လေ့လာတွေ့ရှိ သည်။
ယင်းလေ့လာမှုအရ ကဖိန်းဓာတ်ထက် ကော်ဖီထဲတွင် ပါဝင်သော အခြားပစ္စည်းများက အသည်းကျန်းမာရေးကို ကောင်းမွန်စေခြင်းဖြစ်ကြောင်း လေ့လာမှုကို ဦးဆောင်သူ သုတေသီဒေါက်တာကျန်ကျားအိုက ပြောသည်။
ယင်းပါဝင်ပစ္စည်းများမှာ မည်သည့် ပစ္စည်းဖြစ်မည်ဆိုသည်ကို ဆက်လက်လေ့လာရန် လိုအပ်သည်ဟု သုတေသီများက ပြောသည်။ယင်းလေ့လာမှုကို Hepatology ဂျာနယ်တွင် ဖော်ပြထားသည်။
-UPI

No comments:
Post a Comment