Saturday, 11 October 2014

အစွန်းမရောက်ပါစေနှင့် – အဲးခိုး

အစွန်းရောက်နိုင်ငံရေး အစွန်းထွက် ၀ါဒီသမားတွေက လူမှုအသွင်နဲ့ နိုင်ငံရေး အသွင် ကွဲပြားအောင် လုပ်ထားခဲ့ တာကြောင့် မြန်မာပြည်ဟာ စုစည်း တဲ့ နိုင်ငံသား နိုင်ငံရေးနဲ့ ညီညွတ်တဲ့ နိုင်ငံသား ဘာသာရေးတွေ ပြိုကွဲနေ ကြရ . . .လူမျိုးစုငယ်တွေကို ဆန့်ကျင် အနိုင်ယူပြီး နိုင်ငံရေး အာဏာ လွှမ်းမိုး ထားနိုင်အောင် အမျိုးသားရေး ၀ါဒ ပြင်းထန် တဲ့ မြန်မာအစိုးရဟာ ဦးတည်ချက်(နိုင်ငံရေး) ပြောင်းပြန် ဖြစ်နေတာ ကိုတွေ့ရ . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အစွန်းရောက်, စကားဟာ ဘယ်ညာနှစ်ဖက်ကို တစ်ဖက်စွန်းစီရောက် သွားတာကို ပြောတာပါ။ ဟိုဘက် အစွန်း, ဒီဘက်အစွန်းကို ရောက် သွားတာကို ပြောတာပါ . . .

(တောင်ကလေးဆရာတော်)

● နိဒါန်း

ရက်စက်မှု၊ ကျူးလွန်မှု၊ သတ်ဖြတ်မှု၊ အနိုင်ကျင့်မှု၊ ဖိနှိပ်မှုတွေ အားလုံးဟာ အစွန်းရောက်မှုပါ။ အစွန်း ရောက်မှု (အစွန်းရောက်ခြင်း)ဟာ ဘာသာ ရေးနဲ့ လူမျိုးရေးတွေထဲကပဲ တွေ့ရမှာဖြစ်သလို စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေးတွေ မှာလည်း အစွန်းရောက်တာရှိပါတယ်။

● ဘာသာရေးအစွန်းရောက်မှု

ဘာသာရေးအစွန်းရောက်မှုနှင့် ပတ်သက်လို့

(၁) အမှားသိမြင်ခြင်း (မိစ္ဆာဒိဋ္ဌိ) နဲ့

(၂) အမှန်သိမြင်ခြင်း (သမ္မာဒိဋ္ဌိ) လို့ နှစ်မျိုးခွဲခြားထားနိုင်တယ်။…

(၁) အမှားသိ မြင်ခြင်းဆိုတာက

(က) လှူဒါန်းမှုအကျိုးမရှိ။

(ခ) ကောင်းမှု,မကောင်းမှုအကျိုးမရှိ။

(ဂ) လောကမရှိ၊ (ဤလောကသည် မရှိ)

(ဃ) အခြားလောက မရှိ။ (တစ်ပါးသော လောကမရှိ။)

(င) မိခင်(အမိ)ကို လုပ်ကျွေးသော အကျိုးမရှိ။

(စ) ဖခင်(အဖ)ကို လုပ်ကျွေးသော အကျိုးမရှိ။

(ဆ) ဖန်ဆင်းသောသတ္တ၀ါမရှိ (ဖန် ဆင်းရှင်မရှိ)

(ဇ) ဤလောကအခြား(တစ်ပါး)သော လောကတို့ကို ကိုယ်ပိုင်ဥာဏ်ဖြင့် သိမြင်သောသူမရှိဆိုတဲ့ အင်္ဂါရပ်နဲ့ ဗုဒ္ဓစာပေမှာ ပြပါတယ်။ ဒီသဘောတရားနဲ့ ကျင့်သုံးနေထိုင်ရင် အမှားသိမြင်သူ (အမြင်မှားသူ) လို့သတ်မှတ် ကြတယ်။ တစ်နည်း ဘာသာ ရေးအစွန်းရောက်မှုလို့ သတ်မှတ်တယ်။

● လူမျိုးရေးအစွန်းရောက်မှု

လူမျိုးရေး အစွန်းရောက်မှု၊ အမျိုးသားရေးဝါဒဟာ ဒုတိယကမ္ဘာစစ်ကတည်းက ဖြစ်ပေါ်ခဲ့ဖူးတယ်။

(၁) နာဇီဂျာမနီ

(၂) ဖက်ဆစ်အီတလီ

(၃) ဖက်ဆစ်ဂျပန်တွေရဲ့သမိုင်းကို လေ့လာရင် မြင်နိုင်တယ်။ ဒီ့ထက်ပိုထင်ရှားတာက အရင် ယူဂိုဆလား ဗီးယားနဲ့ ရ၀မ်ဒါတွေကို မြင်နိုင်တယ်။ အမျိုးသားရေးဝါဒကြောင့် လူမျိုးရေးသတ်ဖြတ်ရေး လမ်းစဉ် ရောက်သွား တယ်။ လူမျိုးရေးထက် ပိုစိုးရိမ်ရတာက ဘာသာရေးအစွန်းရောက်မှုပါပဲ။ အစွန်းရောက်မှုတစ်ခု စတင်တော့ မယ်ဆိုရင် အခြေခံက ပဋိပက္ခ(နှစ်စု၊ နှစ်ဖွဲ့)ဖြစ်မှုပါပဲ။ ပဋိပက္ခပြုပြီး (ဖြစ်ပြီး)ဆိုရင် အစွန်းရောက်အတွေးတွေ ၀င်လာတတ် ပါတယ်။ ဒါကြောင့် လှုံ့ဆော်ရေး၊ ခြိမ်းခြောက်ရေးမရှိအောင် လူနည်းစု၊ လူများစု မကွဲအောင် လုံခြုံထိန်းဖို့ လိုပါတယ်။

● မျက်ကန်းပမာ

ခြိမ်းခြောက်မှုကြောင့်၊ သွေးထိုးလှုံ့ ဆော်မှုကြောင့် အမုန်းစိတ်တွေဖြစ်လာ တတ်တယ်။ မုန်းစိတ်ဒေါသဖြစ် လာတဲ့ လူအုပ်စုကို ပျက်စီးမှုမများအောင် ထိန်းကျောင်းပေးရတယ်။ အစွန်းရောက်မှုဆိုတာ ဒီမိုကရေစီ တိုင်းပြည်ဖြစ်စ မှာ တွေ့ရတတ်တယ်။ နိုင်ငံရေးအစွန်းရောက်တာ ထက် အစွန်းရောက်အမျိုးသားရေးဝါဒဟာ အန္တရာယ်ကြီးမား တယ်။ ယဉ်ကျေးတဲ့သူတွေကို လှုံ့ဆော်ထိုးဆွတဲ့ အမူအကျင့် ကြောင့် အသိခွန်အား နားလည်မှုနည်းတဲ့ သူတွေက အမျိုးသားရေးကြောင့် စိတ်မထိန်းနိုင်ဘဲ လူကိုလူသားလိုမမြင်တော့ဘဲ ဆန့်ကျင် ဘက်သူကို လိုက်လံကွပ် မျက်နေတော့တာပဲ။ မျိုးမတူ ကွဲပြားသူကို လူသားတစ်ယောက်လို မမြင်ကြတော့ဘဲ လူသားကို အမဲကောင်ပမာ ကွပ်မျက်သုတ် သင်ကြတော့တာပါပဲ။

● အင်္ဂါရပ်သုံးပါး

အစွန်းရောက်တဲ့ အမျိုးသားရေးဝါဒဟာ စပြီးရင်ဆုံးဖို့ မလွယ်ကူပါ။ နိုင်ငံကြေမွလို့ အစိတ်စိတ် အမြွာမြွာ ကွဲကြတယ်။ လူမျိုးတုံးသတ်ဖြတ်ကြတယ်။ အဖျက်စွမ်း အားပြင်းထန်တဲ့ အမျိုးသားရေးဝါဒကို အရှင်တို့ မြန်မာပြည် မှာလည်း ဖြစ်လာမှာကို စိုးရိမ်ရတယ်။ ဒီအချက်ဟာ သတိထားရမယ့်အချက် ပါပဲ။ မြန်မာပြည်မှာ အကယ်၍ အစွန်းရောက်ဖြစ်ပွားမှု ဖြစ်လာခဲ့မယ်ဆိုရင် ဘာသာရေးအစွန်းရောက်မှုနဲ့ အမျိုး သားရေးအစွန်း ရောက်မှု များ ဖြစ်လာနိုင်တယ်။ အထူးသဖြင့် အစွန်းရောက်ခြင်းဆိုတာက

(၁) ကြောင်းကျိုးဆင်ခြင်မှု အားနည်းခြင်း၊

(၂) အကြမ်းဖက်ရုန်းကန် တိုက်ခိုက်မှု ကို အားပေးခြင်း၊

(၃) အဆင့်ဆင့်သစ္စာခံမှုကို ကင်းမဲ့ခြင်းတွေပါပဲ။

(၁) ကြောင်းကျိုးဆင်ခြင်မှု အားနည်းခြင်းဆိုတာ- အစွန်းရောက် အမျိုးသား ရေးဝါဒကို ဟောပြောတဲ့သူတွေ ဟာ ကြောက်အောင် အကြောက်တရား အကြောင်းကို ပြောတယ်။ မမှန်ကန်တဲ့ အကြောင်းအရာတွေ၊ သမိုင်း ကြောင်း အမှားတွေကို ပြောတယ်။ လှုံ့ဆော်တယ်။ ဒီ့ထက်မက လူမျိုးစုတွေ ခံယူထားတဲ့ ရိုးရာစဉ် လာဓလေ့တွေ ပျက်စီးအောင်ပါ ပြောဟောတယ်။ ကြောင်းကျိုးဆင်ခြင်မှု တရားတွေဟာ မကောင်းတဲ့ အရာပါဆိုပြီး တော့ တန်ဖိုးမဲ့တဲ့ စကားတွေ လိုက်လံ ပြောဟောတယ်။ နောက်ဆုံး လူတွေစိတ် ခံစားမှု အဆုံးအစွန်ရောက်အောင် လှုံ့ ဆော်တယ်။ ရန်လိုမုန်းတီးချေမှုန်းရေးနဲ့ အဆုံးသတ်ဖို့ ပြောဟောတယ်။

(၂) အကြမ်းဖက် ရုန်းကန်တိုက်ခိုက်မှုကို အားပေးခြင်းဆိုတာ- အခြားလူမျိုး စုတွေဟာ မိမိတို့ရဲ့ ယဉ်ကျေးမှု တွေ ပျက်စီးနေတဲ့ အမြင်မျိုးရောက်အောင် ဟောပြောလှုံ့ဆော်တယ်။ ဒီလိုလုပ်ရင် စေ့စပ် ဆွေးနွေးဖို့ မလို၊ ပေါင်းစည်းညီညွတ်ဖို့ မလို၊ အကြမ်းဖက်ရုန်းကန်တိုက်ခိုက်ဖို့ပဲ ဆုံးဖြတ်ရမယ်လို့ ဟောပြောလှုံ့ဆော်တယ်။ မိမိရဲ့ယဉ်ကျေးမှုကို ထိပါးနေတဲ့လူမျိုးကို အမြစ်ပြတ်ချေမှုန်းတဲ့ အစွန်းရောက်ဝါဒ ဖြစ်တယ်ဆိုတာကို မပြောဘဲ ပင်ကောလှုံ့ဆော်ခြင်းလုပ်တာကို မှန်ကန်တဲ့ အမျိုး သားဝါဒီပါဆိုပြီး စိတ်အားပြင်းတဲ့ အကျင့် ရောက်အောင် လှုံ့ဆော်ရေးဝါဒီပါပဲ။

(၃) အဆင့်ဆင့် သစ္စာခံမှုကို ကင်းမဲ့ခြင်းဆိုတာ-လူမှုအဖွဲ့အစည်းဆိုတာ ဘာလုပ်လုပ် သစ္စာအဆင့်ဆင့် ခံယူမှု ရှိရမယ်။ နိုင်ငံသားခံယူမှုအယူအဆတွေ၊ တရား ဥပဒေစိုးမိုးမှု အယူအဆတွေ၊ လွတ်လပ်မှုနဲ့အခွင့် အရေးအယူ အဆတွေဟာ သစ္စာခံယူမှုရှိရမှာပါပဲ။ အဲဒီလိုမျိုးကို သစ္စာအဆင့်ဆင့်ခံယူမှုကိုမလုပ်ဘဲ မိမိလူမျိုးဟာ လူမျိုးကြီး ပါဆိုတဲ့ အယူသီးမှုကြောင့် အမျိုးသားရေးတည်ဆောက်ရေးမှာပေး မပါဝင်ချင်တဲ့ အယူဝါဒအစွန်းရောက် သမား တွေနဲ့ လက်ခံတဲ့ ၀ါဒ(၀ါဒီ)ပါပဲ။

● မျက်လှည့်ပြနေ

ဒီအစွန်းရောက်ဝါဒီ သုံးပါးထဲက နံပါတ် (၃) အစွန်းရောက်ဝါဒီ(၀ါဒ)ဟာ မြန်မာပြည်မှာ (မြန်မာပြည်ကို) လေ့ လာပါ။ မြင်ရမည်။ အင်အားအကြီးဆုံး လူမျိုး လူမျိုးစုကြီးတစ်စုက ကျန်တဲ့လူမျိုးစုငယ်တွေကို (တွေရဲ့ အပေါ် ကို)

(၁) လူမျိုးရေး၊

(၂) ဘာသာရေး၊

(၃) နိုင်ငံရေး၊

(၄) စီးပွားရေးတွေ ဖိနှိပ်ခွဲခြားဆက်ဆံတာတွေ တွေ့မြင်ရတယ်။ အချင်းချင်း သစ္စာခံမှု မရှိအောင် (ကင်းမဲ့သွား အောင်) လုပ်ပြတယ်။ အဆိုးဆုံးက အမျိုးသားနိုင်ငံရေး (NATIN-Building)လုပ်ဆောင်ကြတဲ့ အစီအစဉ်မှာ ဘေးဖယ်ထုတ်ပစ်တဲ့ အမူအကျင့်ပါပဲ။ ဒီလုပ်ရပ်ကြောင့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ဂုဏ်သိက္ခာတွေ ညှိုး ကျနေရတယ်။ ဒီအဖြစ်ဟာ မြန်မာပြည်မှာ နှစ်ပေါင်းခြောက်ဆယ်ကျော် ခံစားနေကြရ ပြီဆိုတာကို မသိသလို လိုနဲ့ အစွန်းရောက် အမျိုးသားဝါဒီသမားတွေရဲ့ မျက်လှည့်က လုပ်ပြနေတာကို တွေ့ရတယ်။

● အကျိုးတူပူးပေါင်းမှု အားနည်း

အရှင်တို့ မြန်မာပြည်မှာ နိုင်ငံရေးအကြောင်းအရာတွေနဲ့ ပြောရရင် လူမျိုးစုအားလုံးက ကိုယ်ပိုင်ဆောင် ရွက်ခွင့် ရတဲ့ နိုင်ငံရေးဆိုတာ မရှိခဲ့ပါဘူး။ အမျိုးသား နိုင်ငံရေးမှာ ညီညွတ်စွာ အတူတူဆောင် ရွက်ရေးလုပ်ကိုင်လိုတဲ့ ဆန်္ဒရှိပေမယ့်လို့ နိုင်ငံရေးယူနစ်စနစ်ကို သတ်မှတ်ကြတဲ့ အစွန်းရောက် နိုင်ငံရေးအစွန်းထွက်ဝါဒီ သမားတွေက လူမှုအသွင်နဲ့ နိုင်ငံရေး အသွင်ကွဲပြားအောင် လုပ်ထားခဲ့တာကြောင့် မြန်မာပြည်ဟာ စုစည်းတဲ့နိုင်ငံ သားနိုင်ငံ ရေးနဲ့ညီညွတ်တဲ့ နိုင်ငံသားဘာသာရေး တွေ ပြိုကွဲနေကြရတာပဲ။ ဒီလုပ်ရပ်ဟာ အင်အားကြီးတဲ့ လူမျိုးစု တစ်စု ရဲ့ လုပ်ရပ်ပဲလို့ လူမျိုးစုငယ်တွေက မြင်နေကြတယ်။ ဒီလိုအမြင်မျိုး ရှိနေသမျှကာလပတ်လုံး အပြန်အလှန် အကျိုးတူ ပူးပေါင်းမှုတွေ အားနည်းနေမှာ အမှန်ပါပဲ။

● စုစည်းမှုပြေစေနိုင်

မြန်မာပြည်အမျိုးသားရေးဝါဒကို ကြည့်ပါ။

(၁) နိုင်ငံသားယူဆချက် အမျိုးသားပုံစံ၊

(၂) လူမျိုးပေါင်းစုံ အခြေပြုတဲ့ အမျိုးသားပုံစံ၊

(၃) လူမျိုးတစ်မျိုးတည်းကို အခြေခံတဲ့ အမျိုးသားပုံစံဆိုပြီး သုံးမျိုး(သုံးစား)ခွဲခြား သတ်မှတ်နေသလားတောင် ထင်ရတယ်။ တကယ်တော့ အစွန်းရောက် အမျိုးသားရေးဝါဒဟာ နိုင်ငံရေးအာဏာနဲ့ ခံစားခွင့် အကျိုးအမြတ် တွေကို စနစ်ကျကျခွဲဝေမှု မပေးလို့ဖြစ်လာတဲ့ကိစ္စပါပဲ။ မြန်မာပြည် နိုင်ငံရေး စနစ်တည်ဆောက် ပုံဟာ ဖွဲ့စည်း ပုံအခြေခံဥပဒေကိုကြည့်ရင် နိုင်ငံရေးတည်ဆောက်ပုံ၊ လူမှုရေးတည်ဆောက် ပုံစနစ်တန်းတူညီမျှမှု မှားနေတာ ကို တွေ့ရတယ်။ ဘေးတွေ အမျိုးမျိုးဖြစ်ပေါ်အောင် ဖန်တီးပြီး ချုပ်ကိုင်မှု နည်းလမ်းအစုံအလင်နဲ့ အမျိုးသား ရေးဝါဒ ကျင့်သုံးဖို့ လုပ်နေတာကို တွေ့ရတယ်။ အစိုးရအဖွဲ့အစည်းကို ကိုယ်တိုင်ကတောင် ဦးဆောင်လှုံ့ ဆော်နေတာတွေ တွေ့ရတယ်။ လူမျိုးစုငယ်တွေကို ဆန့်ကျင်အနိုင်ယူပြီး နိုင်ငံရေး အာဏာလွှမ်းမိုး ထားနိုင် အောင် အမျိုးသား ရေးဝါဒပြင်းထန်တဲ့ မြန်မာအစိုးရဟာ ဦးတည်ချက်(နိုင်ငံရေး) ပြောင်းပြန်ဖြစ်နေ တာကို တွေ့ရတယ်။ ဒီအတွက် တိုင်းပြည်ဟာ အတွင်းဓာတ်အားပျက်ပြီး ပြည်ထောင်စုစနစ်စုစည်း မှုများ ပြေစေနိုင်ပါတယ်။ (သတိအလွန်ထားရသည့် အချက်တစ်ရပ်။)

● နားလည်သင့်ပါတယ်

ခံစားခွင့်မရကြတဲ့ လူမျိုးစုတွေဟာ အမျိုးသားယဉ်ကျေးမှုကို ဆန့်ကျင်တဲ့ အမြင်နဲ့ ပြည်နယ်နဲ့ တိုင်းဒေသ တွေမှာ အလုံးစုံ လွှမ်းမိုးထားနိုင်တဲ့ အမျိုးသားရေး ၀ါဒနည်းလမ်းတွေ လုပ်လာကြတယ်။ ဒီလိုလုပ်လာကြ ရတာဟာ အမျိုးသားရေး စီးယူအုပ်ချုပ်ယူစေတဲ့ အစိုးရကြောင့်ပါပဲ။ အမျိုးသားသရုပ် (စစ်မှန်တဲ့ တိုင်းရင်းသား လူမျိုးများ ယဉ်ကျေးမှုပုံစံ)ကို ပညာရေးကျောင်းမှာ သင်ရိုးညွှန်းတမ်း သင်ခန်းစာ မထားဘဲ တိုင်းရင်းသား တွေရဲ့ ဘာသာစကား၊ စာပေယဉ်ကျေးမှုတွေကို ဖယ်ထုတ်ထားတာတွေကို တွေ့ရတယ်။ လူ့အဖွဲ့အစည်းမှာ ဒီလိုလုပ်ရင် အစွန်းရောက်တဲ့ ၀ါဒလောကဖြစ်သွားနိုင်တယ်။

မြန်မာပြည်မှာ နေထိုင်တဲ့ တိုင်းရင်းသားတွေဟာ မိမိတို့ရဲ့ ဘာသာစကားနဲ့ ယဉ်ကျေးမှုတွေကို (အခြေခံတဲ့ ယဉ်ကျေး မှုကို) စာသင်ကျောင်းမှာ သင်ကြားခွင့်မ ပေးတာကို ထောက်ရင် မြန်မာပြည်မှာ အမျိုးသားဝါဒရှင် တွေ ရှိနေတယ်ဆိုတာကို ထင်ရှားပါတယ်။ မြန်မာအစိုးရဟာ အမျိုးသားနိုင်ငံတော် (NATION -STATE) တည်ဆောက်ဖို့ အားပြင်းနေတယ်။ နိုင်ငံတော်ကို ကိုယ်စားပြုတဲ့ အစိုးရကိုယ်တိုင်က (အဖွဲ့အစည်း ကိုယ်တိုင် က) တစ်ပြည်ထောင်စနစ် ကျင့်သုံးဖို့ ကြိုးစားအားထုတ် နေကြတယ်။ ဒီလိုကြိုးစားအားထုတ်နေ တာဟာ နှစ်ပေါင်း ကြာလာလေအမျှ တိုင်းပြည်အတွက် ဆုတ်ယုတ်နစ်နာနေတာပါပဲ။ လက်ရှိအစိုးရအနေနဲ့ ဒီသဘော ကို နားလည်သင့်ပါတယ်။

● နိဂုံး

မြန်မာပြည်ဟာ ယနေ့ဘယ်နိုင်ငံရေး မူဝါဒစနစ်နဲ့ ချီတက်အားထုတ်နေကြပါပြီပဲ။ ရက်စက်မှု၊ ကျူးလွန်မှု၊ အနိုင်ကျင့်မှု၊ ဖိနှိပ်မှုတွေ ကုန်ဆုံးနေကြပြီလား။ လူမျိုးရေးအစွန်းရောက်ဝါဒ မရောက်အောင် စစ်ရေး၊ စီးပွား ရေး နဲ့ နိုင်ငံရေးမှာ ပြင်ဆင်ထားကြပါပြီလား။

အစွန်းရောက်ဝါဒီ ကျဆုံးပါစေ။

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald


No comments:

Post a Comment