Saturday, 11 October 2014

ဈေးသက်သာသော ဟန်းဆက်ရမည်ဆိုကာ လူ၄၀ဦးထံမှ ငွေကျပ်သိန်းနှစ်ထောင် ခန့်အား ပါရွန် ကုမ္ပဏီ မန်နေဂျာဆိုသူက လိမ်လည်


ပါရွန်ကုမ္ပဏီမှ မန်နေဂျာဟု ဆိုသူသည်
ဟန်းဆက်များအား ပြင်ပပေါက်ဈေးထက်
ငါးသောင်းခန့် သက်သာမည်ဟုဆိုကာ ငွေကျပ်
သိန်းနှစ်ထောင်ခန့်အား လိမ်လည်ခဲ့ကြောင်း
 အောက်တိုဘာလ ၅ ရက်က လိမ်လည်ခြင်း


ခံခဲ့ရသူများမှTomorrow သတင်းဂျာနယ်သို့ ပြောကြားခဲ့သည်။

“ပထမတစ်ခေါက်တုန်းကလည်း အဆင်ပြေအောင် လုပ်ပေးတော့ လူတွေက ပို
ယုံကြည်ပြီး အပ်ခဲ့တယ်။ အခုဒုတိယ တစ်ခေါက်လည်းကျရော အဲ့ဒီယုံကြည်မှု
ကို သူက အလွဲသုံးစား လုပ်သွားတာ။ ကျွန်တော်တို့ဆိုရင် နှစ်ယောက်ပေါင်း
သိန်း ၈၀လောက်တော့ ပါသွားတယ်” ဟု သိန်း၈၀ခန့် လိမ်လည်ခံခဲ့ရသူ တစ်ဦးက ပြောကြားသည်။


ပါရွန်ကုမ္ပဏီမှ မန်နေဂျာ ဦးမြင့်ထူးလင်းသည် လုပ်သက် နှစ်နှစ်ခန့်ရှိပြီး
လုပ်ငန်းတူ ၀န်ထမ်းများ၏ ယုံကြည်ကိုးစားခြင်း ခံရသည့် မန်နေဂျာတစ်ဦး ဖြစ်
သည့်အတွက် ယင်းကဲ့သို့ ၀န်ထမ်းများထံမှ လိမ်လည်သွားနိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊
ထို့အပြင် ၄င်းသည် လုပ်ငန်းတူ ၀န်ထမ်းများအပြင် ရန်ကုန်၊ နေပြည်တော်နှင့်
ညောင်လေးပင်မြို့နယ်မှ ပြည်သူများထံမှလည်း လူတစ်ဦးလျှင် ခုနှစ်သောင်းမှ
သိန်း ၂၀၀ခန့်အထိ လူဦးရေ ၄၀ခန့်ထံမှ စုစုပေါင်း ငွေကျပ်သိန်း ၂၀၀၀ခန့်အား လိမ်လည်ခဲ့ကြောင်း သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ပါရွန်ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးအား မေးမြန်းရာ
“ကျွန်တော်တို့ ကုမ္ပဏီက လုပ်ငန်းကြီးတွေ လုပ်တဲ့ ကုမ္ပဏီပါ။ Ooredoo တို့၊
Telenorတို့လို ကုမ္ပဏီတွေကို တာဝါတိုင်တွေ တည်ဆောက်ပေးတဲ့အပြင်
တံတားတွေပါ တည်ဆောက်တဲ့ ကုမ္ပဏီပါ။ ဒီလို အသေးအမွှား ဖြစ်တဲ့
ဟန်းဆက်တွေ တင်သွင်းတဲ့ ကုမ္ပဏီ မဟုတ်ပါဘူး။

အခုလည်း အဲဒီ့ဝန်ထမ်းကို ၀န်ထမ်းရဲ့ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာမှုမရှိတဲ့ အတွက် အလုပ်က
ထုတ်ထားပါတယ်။ အခု သူလုပ်ထားတဲ့ ဟန်းဆက် ရောင်းဝယ်မှု ကိစ္စနဲ့
ပတ်သက်ပြီး ကျွန်တော်တို့ ကုမ္ပဏီနဲ့ လုံးဝသက်ဆိုင်မှု မရှိပါဘူး” ဟု
ပါရွန်ကုမ္ပဏီမှ HR မန်နေဂျာ ဦးရဲတင့်မှ Tomorrow ဂျာနယ်သို့ ပြောသည်။


ယင်းဖြစ်စဉ်ကြောင့် လိမ်လည်ခြင်းခံရသူများမှာ လက်ရှိတွင် မိသားစုများနှင့် အချင်းများသည့် ဖြစ်ရပ်များ ကြုံတွေ့နေရသလို အချို့မှာ တဆင့်ခံ မှာယူပေးရသည့် အတွက် အိမ်ပေါင် ခြံပေါင် ပေးခဲ့ရသူများလည်း ရှိကြောင်းလည်းသိရသည်။

“အောက်တိုဘာ ၂ရက်နေ့က ကျွန်တော်တို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လူတစ်စု ရောက်လာပြီး ၁၅ရပ်ကွက်၊ အမှတ် ၁၀၅၁၊ အောင်ရာဇာလမ်းနေဦးမြင့်ထူးလင်းနှင့် သူ့ရဲ့ဇနီး ဒေါ်ဖြူမြင့်ဝေတို့ နှစ်ဦးမှာ ဟန်းဆက်တွေရမယ် ဆိုပြီး ငွေတွေယူသွားတာ တစ်လကျော်ပြီ။

အခု သူ့အိမ်ကို သွားရှာတာ အိမ်မှာမရှိတော့ဘူးဆိုပြီး ရောက်လာပါတယ်”ဟု ရွှေပေါက်ကံမြို့သစ်၊ ၁၅ ရပ်ကွက်တာဝန်ခံ ဦးထွန်းမြင့်က ပြောကြားသည်။

ယင်းနှင့်ပတ်သက်၍ မြောက်ဥက္ကလာပ မြို့နယ်၊ ရွှေပေါက်ကံ မြို့သစ် နယ်မြေရဲစခန်းသို့ လိမ်လည်ခံရသူများမှ အောက်တိုဘာလ ၂ရက်နေ့က သွားရောက်၍အမှုဖွင့် တိုင်ကြား ထားသော်လည်း လက်ရှိအချိန်ထိ စုံစမ်းစစ်ဆေးခြင်းတစ်စုံတစ်ရာ ပြုလုပ်ခြင်း မရှိသေးကြောင်း လိမ်လည်ခံရသူများထံမှ သိရသည့်အတွက် Tomorrow သတင်းဂျာနယ်မှ အဆိုပါ နယ်မြေ ရဲစခန်းသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ တာဝန်ကျ ဂတ်စာရေးမှာ ထမင်းထွက်စားနေသည့် အတွက် ပြန်လည် ဖြေကြားပေးနိုင်ခြင်း မရှိကြောင်း မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

သတင်းဓါတ်ပုံ- အေးကွန်းသစ် ( Tomorrow )

No comments:

Post a Comment