သမ္မတဦးသိန်းစိန်အား လာမည့် ၂၀၁၅ ရွေးကောက်ပွဲ တွင် အရွေးချယ် မခံစေလိုဘဲ ဘာသာရေး လုပ်ငန်းများ တွင်သာ လုပ်ကိုင်စေလိုကြောင်း သမ္မတ၏ အစ်ကို ရင်းဖြစ်သူ ဦးထွန်းမြင့်က မြန်မာသံတော်ဆင့် သို့ ပြော သည်။
နိုဝင်ဘာလ ၂၅ ရက်နေ့တွင် သမ္မတ၏ မွေးရပ် ဇာတိဖြစ်သည့် ဧရာဝတီတိုင်း ငပုတောမြို့နယ်၊ ဟိုင်း ကြီး ကျွန်းမြို့၊ ကျုံကူးကျေးရွာရှိ သမုဒ္ဒရံသီ စေတီတော် ထီးတင်ပွဲသို့ သမ္မတဦးသိန်းစိန်နှင့် အတူလိုက်ပါလာသည့် အစ်ကိုဖြစ်သူ ဦးထွန်းမြင့် အား မြန်မာသံတော် ဆင့်က မေးမြန်းစဉ် ယခုကဲ့သို့ ဖြေကြား ခဲ့ခြင်း ဖြစ်သည်။
““အသက် ၁၈ နှစ်သား လောက်တည်းက တပ်ထဲဝင်သွားပြီး တိုင်းပြည် တာဝန်တွေကို ထမ်းဆောင်ခဲ့ပြီးပြီပဲ။ အဘဆန္ဒအရတော့ ဆက်မလုပ် စေချင်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ ကျန်းမာရေး အရပဲ။ နှလုံးခုန်စက် တပ် ထားရပြီးပြီ။ အခု အသက် ၇၁ နှစ်ရှိပြီဆိုတော့ အဘကတော့ မှန်တာကို ပြောရရင် ဘာသာရေးကိုပဲ လုပ်စေ ချင်တယ်။ လောကီရေးတွေချည်းပဲ လုပ်နေရင် ငရဲကျနေမယ်။ အဘတို့ ငယ်ငယ်တုန်းက တေမိ ဇာတ်ကို ကြည့်ဖူးတယ်။ တေမိမင်းသား မွေးလာတော့ စကားပြောတတ်တဲ့ အရွယ်မှာ စကားမပြောဘူး။ ဘာကြောင့်လဲ ဆိုတော့ သူက ဇာတိဿရဉာဏ်ရတယ်လေ။ အရင်ဘ၀က အိမ်ရှေ့မင်း သား ဖြစ်ခဲ့ပြီးတော့ မုဆိုးမတစ်ဦးရဲ့ တဲကိုတိုက်ပြီး ဖျက်ပစ်လိုက်တယ်။ အဲဒါသေတော့ ငရဲမှာကျတယ်။ ဒါတွေကို သူက ဇာတိဩဿရဉာဏ် ရတော့ မြင်ရတယ်။ အရင်ဘ၀က လုပ်ခဲ့တာတွေကို ပြန်မပြောတဲ့အတွက် စကားမပြောဘဲ နေတယ်။ ဒါကြောင့် အဘကတော့ အစ်ကိုတစ်ယောက် အနေနဲ့ သူ့ကိုလည်းပဲ တိုင်းပြည်ကို ဒီလောက်အထိ လုပ်ပေးရ တော်လောက် ပြီပေါ့။ ဆက်မလုပ်စေချင်တော့ဘူး။ သူကတော့ အစ်ကိုကို လုပ်မယ် လည်း မပြောဘူး။ မလုပ်ဘူးလည်း မပြောဘူး”” ဟု သမ္မတ၏ အစ်ကိုဖြစ်သူ ဦးထွန်းမြင့်က ပြောသည်။
သမ္မတဦးသိန်းစိန်ကို မီဒီယာများက ဝေဖန်ရေးသားမှုများကြောင့် သမ္မတ၏ သမီးများက ဖခင်ဖြစ်သူအား အလုပ်မှ နုတ်ထွက်ရန်အတွက် တိုက်တွန်း ပြောကြား ခဲ့ကြောင်းကို သမ္မတဦးသိန်းစိန် ကိုယ်တိုင် ပြောကြား ခဲ့သည်ဟု ပြည်ထောင်စုအဆင့် အကြီးအကဲတစ်ဦးက မြန်မာသံတော်ဆင့်သို့ ထုတ်ဖော် ပြောကြားခဲ့ဖူးသည်။
ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ဦးသိန်းစိန်သည် တပ်မတော် အစိုးရလက်ထက်တွင် ၀န်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ သူ့တွင် သမီးသုံးဦးရှိပြီး အကြီးဆုံးသမီးဖြစ်သူမှာ လက်ရှိတွင် မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်တွင် လုပ်ကိုင်နေသည်။ ဒုတိယမြောက်သမီးမှာ ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခု၌ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်နေပြီး အငယ်ဆုံးသမီး မှာမူ နေပြည်တော်တွင် နေထိုင်သည်။
မိသားစုဝင်များအနေဖြင့် လက်ရှိ သမ္မတရာထူးမှ နုတ်ထွက်ရန်နှင့် နောင်လာ မည့် ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခြင်းမပြုရန် သဘောထား မှတ်ချက် ပေးနေကြသော်လည်း ကျုံကူး နယ်သားများမှာမူ လာမည့် ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်စေလိုကြောင်း ပြောဆိုလျက် ရှိသည်။
““သမ္မတကြီးကို လာမယ့် နှစ်တွေမှာလည်း သမ္မတအဖြစ် ဆက်ဖြစ် စေချင်ပါတယ်။ သူသမ္မတဖြစ်မှ ကျွန်တော်တို့ရွာ ဖွံ့ဖြိုးတိုးတက် လာတာလေ။ ရပ်ရွာအပေါ်မှာ သူက ပြန်ပြီးကြည့်တယ် ဆိုတော့ သူ့ကို ဆက်ဖြစ် စေချင်တာပါ။ အခြားသူတစ်ယောက်သာ သမ္မတဖြစ်လာရင် ဒီလိုတွေ ဆက်လုပ်ပေးမှာ မဟုတ်တော့ဘူး။ ကိုယ့်ရွာသား က နိုင်ငံတော်သမ္မတဆိုတော့ ရွာလည်း ဂုဏ်ရှိတာပေါ့။ တကယ်လို့ လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ သူ့အနေနဲ့ ၀င်မပြိုင်ဘူး ဆိုရင်လည်း သူတို့ပါတီဖြစ်တဲ့ ပြည်ခိုင်ဖြိုး ပါတီကိုပဲ မဲပေးမှာပါ။ သူ့ကြောင့် ရွာက အများကြီး ဖွံ့ဖြိုးလာတာလေ။ သူ့ကျေးဇူးတွေ ရှိတာပေါ့””ဟု ကျုံကူး ရွာသားများက ဆိုကြသည်။
ပြည်သူတို့ ဆန္ဒရှိပါက သမ္မတ ဆက်လုပ်ချင်သည်ဟု မီဒီယာများသို့ ပြောကြား ထားသော အသက် ၇၀ ကျော်ပြီ ဖြစ်သည့် သမ္မတ ဦးသိန်းစိန် အနေဖြင့် နောက်ထပ် သမ္မတ သက်တမ်းတစ်ခုအတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အသက်ကန့်သတ်ချက်များအရ နောက်ဆုံးအနေဖြင့် ၀င်ရောက်ယှဉ်ပြိုင် အရွေးချယ် ခံနိုင်ကြောင်း နိုင်ငံရေး အသိုင်းအ၀န်းက သုံးသပ်လျက် ရှိသည်။
ရဲရင့်ထွန်း(ပုသိမ်)
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
![]() |
ပုံညွှန်းစာ (၁) သမ္မတဦးသိန်းစိန်၏ အစ်ကိုရင်းဖြစ်သူ ဦးထွန်းမြင့် |
![]() |
ပုံညွှန်းစာ (၂) ဧရာဝတီတိုင်း ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ကျုံကူးကျေးရွာရှိ သမုဒ္ဒရံသီစေတီတော် ထီးတင်ပွဲသို့ တက်ရောက်ခဲ့သည့် သမ္မတ ဦးသိန်းစိန် |
No comments:
Post a Comment