![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMLGGkFoPDkwG2x5Pz58BghszS3q15f53n21F74tZnCTAMgLs1aozt1kbHQwu5_Io00VscPQKN6d2IsRaETB0RRrvapAMptboOca0HIqU4t81Ojr9n0a7x-97abTC6jxl38w7AXIur9iA/s1600/542.jpg)
Decoration ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်ကို
ပန်းဆိုးတန်းအလယ် ဘလောက်ရှိ MEI
Business Tower ဆောက်လုပ်ရာ၌ စာချုပ်ပါ
အချက်အလက်များ ဖောက်ဖျက်မှု၊ မြေရှင်လက်
မှတ်အတုများ ရေးထိုးမှုတို့ဖြင့် ကျောက်တံတားတရားရုံးမှ နိုဝင်ဘာ ၁၀ ရက်က
ဖမ်းဝရမ်းထုတ်ထားကြောင်း အဆိုပါမြေ ပိုင်ရှင်က Newswatch သို့ပြောကြားခဲ့သည်။
ကျောက်တံတားမြို့နယ် ပန်းဆိုးတန်း အလယ်ဘလောက် အမှတ် ၁၈၁/၁၈၇ မြေကွက်အကျယ် ၁၀၀ ပေX၆၀ ပေ ပေါ်၌ ခေတ်မီ ၁၂ ထပ်ခွဲ ဆောက်လုပ်ရန် မြေရှင်နှင့် Father Land ကုမ္ပဏီတို့ သဘောတူညီမှုရရှိခဲ့ပြီး မြေရှင်သဘောတူညီသည့်ပုံစံအတိုင်းမဟုတ်ဘဲ ၎င်းစိတ်ကြိုက် ဒီဇိုင်းရေးဆွဲကာ မြေရှင်လက်မှတ် အတုများဖြင့် စည်ပင်မှ ခွင့်ပြုချက်ရယူ ဆောက်လုပ်ခဲ့ခြင်း၊ ၂၀၁၂ ခုနှစ်တွင် လူနေ ထိုင်ခွင့်ရမည်ဖြစ်သော်လည်း ၂၀၁၄ ခုနှစ် ကုန်ပိုင်းအထိ ပြီးပြတ်မှုမရှိခြင်း၊ နစ်နာ ကြေးများအတွက် စာချုပ်ထပ်မံချုပ်ဆိုခြင်းအပေါ် မည်သို့မှ ဆောင်ရွက်ပေးမှုမရှိခြင်း စသည်တို့ကြောင့် စက်တင်ဘာလတွင် ကျောက်တံတားရဲစခန်းသို့ တိုင်ကြားခဲ့ သည်ဟု ဆိုသည်။
အဆိုပါမြေကွက်ပိုင်ရှင်က “ရောင်းနိုင်ဖို့အတွက်ပဲ သူကြိုးစားပြီးဆောက်သွား တယ်။ ကြိုပွိုင့်အကုန်လုံးရောင်းပြီးသွားတော့မှ သူလည်း ထပ်မဆောက်တော့ဘူး။ ဦးရဲ့မြေကွက်ပေါ်မှာ စီးပွားရေးလုပ်စား သွားတာပေါ့။ လာပါဆိုလည်း မလာဘူး။ ညှိနှိုင်းပါဆိုလည်း မညှိနှိုင်းဘူး။ နို့တစ်စာတွေ အကြိမ်ကြိမ်ပို့တယ်၊ ဖုန်းတွေ အကြိမ်ကြိမ်ဆက်တယ်။ ဥပဒေကိုလည်း မလေးစားဘူး။ လူကိုလည်း မလေးစားဘူး။ ဒါကြောင့် ဥပဒေအရ ဦးတို့ရဲ့ဆုံးရှုံးမှုကို တောင်းဆိုတယ်။ တောင်းဆိုတဲ့အချိန်မှာ ရဲကနေ သွားရှာတယ်။ သက်ဆိုင်ရာက ရှာတယ်။ နောက်ဆုံး တရားခံပြေးအနေနဲ့ တရားရုံးက စွဲတင်ရတယ်။ ခုဖမ်းဝရမ်း ထုတ်ရတဲ့အဆင့်ထိ ဖြစ်လာတယ်။ လိမ်လည်မှု ၄၂၀ နဲ့ လက်မှတ်အတုရေးထိုးမှု ၄၆၈ နဲ့ တရားရုံးက ၀ရမ်းထုတ်ထားတယ်”ဟု ပြောကြားခဲ့သည်။
အဆိုပါအဆောက်အဦ၌ ဦးကျော်မြင့်က အခန်းတခုလျှင် လူ (၂)ဦးမှ (၃)ဦး အထိ ရောင်းချထားသည်ဟု ပြောကြားခဲ့သည်။
“ဦးကို ရောင်းပြီးတဲ့အခန်း စာရင်း အကုန်ပေးတယ်။ အကုန်ရောင်းပြီးပြီ၊ ရောင်းပြီးသားထဲက ဒီကိုလာဆက်သွယ်တဲ့ သူတွေနဲ့က တလွဲဖြစ်နေတယ်။ ဦးကို စာရင်းပေးထားတဲ့သူက မောင်ဖြူဆိုရင် လာဆက်သွယ်တာက မောင်နီဖြစ်နေတာ။ ဟင် ခင်ဗျားမောင်နီက ဒီအခန်းပိုင်ပါတယ် ဆိုတာ ဘယ်လိုကြောင့် ပိုင်တာလဲဆိုတော့ မဟုတ်ပါဘူး၊ ကျွန်တော့်ကို ဦးကျော်မြင့်က ရောင်းလို့ပါ။ ဒီမှာ မောင်ဖြူကလည်း ၀ယ်ထားတယ်ဆိုတော့ ဦးဖြူနဲ့ မောင်နီ ပေးတွေ့လိုက်တော့ ၂ ခါရောင်း၊ ၃ ခါ ရောင်းတွေဖြစ်သွားတယ်။ သူမရှင်းနိုင်ဘူး ဖြစ်သွားတာပေါ့”ဟု ပြောကြားခဲ့သည်။
အဆိုပါ အဆောက်အဦ ဆောက်လုပ်ပြီးစီးလျှင် Myanmar Micro-finance Bank၊ ကမ္ဘောဇဘဏ်များကို မြေညီထပ်၌ ငှားရမ်းမည်ဟု စာချုပ်ချုပ် ဆိုထားသောကြောင့် အဆောက်အဦ အချိန်မီ မပြီးစီးခြင်းက မြေပိုင်ရှင်အတွက် များစွာနစ်နာစေသည်ဟုဆိုသည်။
“ဒီဟာ တွေ အမြန်ဆုံးဖွင့်နိုင်ဖို့ ဦးတို့က စည်ပင်မှ နေထိုင်ခွင့်မကျသေးတော့ ဒဏ်ကြေးတွေ ပေးပြီး ဖွင့်ခွင့်ပေးထားရတယ်။ အဲဒီဘဏ် တွေကလည်း မီးမရသေးတဲ့အတွက် တနေကုန် တညလုံး သူတို့မီးစက်နဲ့ဖွင့်ပြီး အလုပ်လုပ်နေရတယ်။ သူတို့ကလည်း ဦးနဲ့ပေါင်းပြီးတော့မှ စုပ်လည်းဆူး စား လည်းရူး ဖြစ်နေတယ်။ ဘဏ်က မဖွင့်လို့ရှိရင်လည်း ဗဟိုဘဏ်ရဲ့ မူဝါဒအရ သတ်မှတ်ရက်ကို ဖွင့်ဖို့စီစဉ်ထားရင် ဖွင့်ရတယ်။ မဖွင့်ရင် အောက်သွားပြီ။ ဒီတော့ သူတို့လည်း သူတို့အစီစဉ်နဲ့ သူတို့ဖွင့်နေရတယ်။ မီးမတပ်ပေးသေးဘူး၊ ရေမတပ် ပေးဘူး။ စည်ပင်ကိုလည်း ဒဏ်ကြေးဆောင်ရသလို ဘဏ်တွေဖွင့်ပေမယ့် ဦးက ငှားရမ်းခ မရသေးပါဘူး။ ဒီလိုနစ်နာတာကို ဘာလုပ်ပေးမလဲ။ နစ်နာကြေးပေးမယ် ဆိုပြီး စာချုပ်ချုပ်၊ နစ်နာကြေးအတွက် ဘယ်နှရက်၊ ဘယ်နှလရှိပါပြီ။ သတင်းလည်း မကြား၊ လာလည်းမပေးဘဲနဲ့ ရှောင် နေတယ်။ နဂိုကတည်းက ပေးဖို့အစီစဉ် မရှိဘဲ လူတယောက်ကို ကျေနပ်နှစ်သိမ့်ပြီး လက်တလုံးခြားလုပ်တယ်လို့ ပြောလို့ရတယ်။ ဥပဒေကို မထေ့မဲ့မြင်လုပ်တယ်လို့ ယူဆပြီး မခံနိုင်တဲ့အဆုံး တရားဥပဒေ ရဲ့ အဆုံးအဖြတ်ကို ခံယူဖို့လုပ်တာ”ဟု ဆိုသည်။
ယင်းကဲ့သို့ တရားရုံးမှ ဖမ်းဝရမ်း ထုတ်ဆင့်ထားခြင်းကို Father Land ကုမ္ပဏီ ဦးကျော်မြင့်မှ မသိရှိသေးကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းနိုင်က Newswatch သို့ ပြောကြားခဲ့သည်။
၎င်းက “၀ရမ်းထုတ်တာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဘာမှမသိဘူး။ ကျွန်တော်တို့ဘက်က ဆက်သွယ်တော့ လည်း အဆက်အသွယ်မခံဘူး။ ဘာ အတွက်ကြောင့် ထုတ်တယ်ဆိုတာ ဒီနေ့အထိ မသိရသေးဘူး။ တဖက်သတ်ဖြစ် နေလို့ပါ။ သူက ဘာဖြစ်စေချင်မှန်းလဲ မသိဘူး။ အဆောက်အဦနဲ့ပတ်သက်လို့ ၁၀၀ မှ ၉၉ ဒသမ ၉ လောက် ပြီးစီးနေပါပြီ။ မနေ့က ဆက်သွယ်တယ်။၊ ဖုန်းလုံးဝမကိုင်ဘူး။ သူ့အမျိုးသမီးလည်း ဖုန်းလုံးဝမကိုင် ပါဘူး။ ဆက်သွယ်လို့ မရဘူး။ သူတို့တိုင် တာလည်း စာမရောက်သေးပါဘူး။ ကျောက်တံတားရဲစခန်းကလည်း မလာပါဘူး။ ဦးကျော်မြင့်မရှိဘူး ဆို။ ဦးကျော်မြင့် ရဲ့ ပါဝါလွှဲထားသူတွေ အများကြီးရှိပါတယ်။ လွှဲအပ်ရမယ်။
ဘာမှမလာဘူး၊ မေးတာမရှိပါဘူး။ လာမေးတာ၊ လာပြောတာ၊ အကြောင်းကြားတာ မရှိပါဘူး။ ခုဦးကျော် မြင့်က အစည်းအဝေးတက်နေလို့ ကျွန်တော်ပြောတာပါ။ ကျွန်တော်ပြောတဲ့ စကား သူနဲ့အတူတူပါပဲ။ ကျွန်တော်တို့ဆီလည်း သမ္မာန်စာတွေ ဘာတွေမရောက်ပါ ဘူး။ တဖက်သတ်ဖြစ်နေလို့ တိုက်ခန်းတွေ ၂ ခု၊ ၃ ခုရောင်းတယ်ဆိုတာ မှားနေပါတယ်။ လက်ပူးလက်ကြပ် ဘယ်ဟာပြနိုင် မလဲ။
တဖက်သတ်ပြောလို့မရဘူးလေ။ ဘာဖြစ်ချင်တာလဲ၊ ဘာပြောချင်တာလဲပေါ့နော်။ ကျွန်တော်တို့ ထပ်ခါတလဲလဲ ဖုန်းဆက်တာ ဘာလို့ဖုန်းမကိုင်တာလဲ။ သူပြောချင်တာတွေပြောလို့ မရဘူး။ တဖက်မှာ အခက်ခဲဖြစ်နိုင်တာပေါ့။ မီးသွယ်ဖို့လုပ်နေတာ ပိုက်ဆံအကုန်အကျခံ ပြီးတော့ Transformer အိုးကြီးတွေတောင် ထိုင်ထားနေပါပြီ။ ပိုက်ဆံအကုန်အကျခံပြီးတော့ သတင်းအမှားတွေ အစ်ကိုတို့ဆီ ရောက်နေတာ”ဟု နိုဝင်ဘာ ၁၂ ကပြော ကြားခဲ့သည်။
ယင်းနှင့်ပတ်သက်၍မြေရှင်က “သူ့ ဘက်က ဆက်သွယ်တယ်ဆိုတာ ရဲနဲ့ တရားရုံးက ရှာတယ်ဆိုတာတောင် လက်မခံဘူးဆိုတော့ ဦးကို ဆက်သွယ်တယ်၊ မသွယ်ဘူးဆိုတာ စဉ်းစားလို့ရပြီပေါ့။ ရဲကိုရော ဘာလို့ မဆက်သွယ်လဲ။ ဒီဘက်ကို ဆက်သွယ်ရုံနဲ့ မရဘူးလို့ တရားရုံးက ဆက်သွယ်တာ ဘာလို့မဆက်သွယ်လဲ။ တရားရုံးမှာ လူလည်ကျနေပြီပေါ့။ ဒီလို ပြောနေရုံနဲ့ မပြီးဘူးလေ။ တကယ်သတ်္တိ ရှိရင် ရဲမှာသွားအဖမ်းခံပေါ့”ဟု ပြောကြားခဲ့သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ကျောက်တံတားရဲစခန်းသို့ နိုဝင်ဘာ ၁၂ နေ့ခင်း ၁ နာရီ ၄၀ မိနစ်ခန့်က သွား ရောက်မေးမြန်းခဲ့ရာ အမှုဖြစ်စဉ်မှန်ကန်ကြောင်း တရားရုံးသမ္မာန်စာထုတ်အပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခဲ့ပါကြောင်း တရားရုံးသို့ ရောက်ရှိနေသောကြောင့် အသေးစိတ်အချက်အလက်များ တရားရုံးကသာ သိနိုင်ကြောင်း တာဝန်ရှိသူတဦးက ပြောကြားခဲ့သည်။
ယင်းအဆောက်အဦကိစ္စနှင့်ပတ်သက်၍ မြေရှင်ဘက်က တရားစွဲဆိုတိုင် တန်းထားခြင်းအပေါ် Great Father Land ဆောက်လုပ်ရေးကုမ္ပဏီဘက်မှ မည်သို့ ရှင်းလင်းမည်ကို စောင့်ကြည့်နေ ကြသည်ဟု ဆိုသည်။
ကိုခက်
News Watch Journal
No comments:
Post a Comment