Friday, 28 November 2014

နွားမှ ကြွက်အထိ ကောင်ရေ ၅ သိန်း သတ်ဖြတ်ပူဇော်ပွဲ တိရစ္ဆာန်အခွင့်အရေး ကာကွယ်သူများ ဆန့်ကျင်ကန့်ကွက်

ကတ်မန်ဒူ၊ နိုဝင်ဘာ ၂၈

နိပေါနိုင်ငံ ဘာရီယာပါရွာအနီးမှ ဝေးလံခေါင်သီသော ဒေသတစ်ခုတွင် ဟိန္ဒူနတ်ဘုရား ကိုးကွယ်သူ များသည် နွားမှ ကြွက်အထိ ကောင်ရေ ၅ သိန်း သတ်ဖြတ် ယစ်ပူဇော်ပွဲကို ယနေ့စတင် ကျင်းပရာ တိရစ္ဆာန်အခွင့်အရေး ကာကွယ်လှုပ်ရှားသူများက ဆန့်ကျင်ကန့်ကွက် နေကြကြောင်း AFP သတင်း တစ်ရပ်တွင် ဖော်ပြပါရှိသည်။

ယစ်ပူဇော်ရန် တိရစ္ဆာန်များ၏ လည်ကို ခုတ်ဖြတ်မည့် ဓားကိုင်ဆရာများက အိန္ဒိယ နယ်စပ်ဒေသရှိ ယင်းရွာငယ်အား နှစ်ရက်တာ ကြာမြင့်မည့် ထိုယစ်ပူဇော်ပွဲ ကျင်းပခြင်းဖြင့် ကမ္ဘာ့အကြီးမားဆုံး သားသတ်ရုံကြီးသဖွယ် ပြောင်းလဲစေတော့မည် ဖြစ်သည်။

“ဒီမှာတော့ တကယ့်ပွဲတော်ကြီးကို ဖြစ်လို့၊ လူတိုင်းက စိတ်လှုပ်ရှားနေကြတယ်” ဟု ဟိန္ဒူ ဂါဒီမိုင် နတ်ဘုရားကျောင်းမှ ဘုန်းတော်ကြီး မန်ဂယ်ချောက်ဟာရီက ပြောသည်။

“၀တ်ပြုပွဲကျင်းပတဲ့ မနက်ခင်းတိုင်း အဆင်ပြေပြေချောချောမွေ့မွေ့ပဲ ပြီးသွားတာပါ၊ အခု ယစ်ပူဇော်ပွဲ စပါတော့မယ်” ဟု ၎င်းက ဆိုသည်။
ယစ်ပူဇော်ပွဲ ပထမနေ့တွင် နွားထောင်ပေါင်းများစွာကို သတ်ဖြတ်မည်ဟု မျှော်လင့်ရသည်။

ဤရွာသို့ ရောက်ရှိရန် သုံးနာရီမျှ လာခဲ့ရသည့် အသက် ၅၅ နှစ်အရွယ် တောင်သူ စီတာရမ်ရာဒပ်ဗ်က “ကျွန်တော်တို့ မိသားစု ဘေးကင်းအောင် စောင့်ရှောက်ကာကွယ်ပေးဖို့ ဂါဒီမိုင် ဘုရားကျောင်းကို ဆိတ်တစ်ကောင် လှူလိုက်ပါပြီ၊ နတ်ဘုရားမကို ယုံကြည်ရင် ခင်ဗျားရဲ့ ဆုတောင်းတွေလည်း ပြည့်ပါတယ်” ဟု ဆိုသည်။

နိပေါနိုင်ငံတစ်ဝန်းနှင့် အိန္ဒိယမှ လာရောက်သည့် ယစ်ပူဇော်ပွဲတက်မည့် သူများသည် ပန်းများ ဆပ်ကပ်လှူဒါန်းရန် ပြင်ဆင်လျက် ဘုရားကျောင်း ရင်ပြင်၌ပင် အမိုးအကာမရှိ အိပ်စက်ကြရသည်။

လုံခြုံရေး ရဲတပ်ဖွဲ့ဝင် ၁၂၀၀ ၀န်းကျင်ခန့်ကိုလည်း အစောင့်အကျပ် ချထားရသည်။ စိတ်လှုပ်ရှားနေကြသည့် ယစ်ပူဇော်သူများက တိရစ္ဆာန်များအား လည်ဖြတ်မည့် နေရာပတ်လည်ကို ၅ ပေခန့်မြင့်မားသည့် တံတိုင်းဖြင့် ၀န်းရံထားကာ ရဲများကလည်း တိရစ္ဆာန်အခွင့်အရေး ကာကွယ်သူများနှင့် ယစ်ပူဇော်သူများအကြား ပဋိပက္ခမဖြစ်ပွားစေရန် စောင့်ကြည့် ဖျန်ဖြေလျက်ရှိသည်။

ယစ်ပူဇော်ပွဲတွင် အရက်သေစာများ မရောင်းချရန် အာဏာပိုင်များက ထားမြစ်ထားသည်ဟု ဒေသခံရဲအရာရှိ လိုကန်ဒရာမယ်လာက ပြောသည်။
“ဒီလိုမရောင်းချခိုင်းတာက လုံခြုံရေးအရပါ၊ လူတွေက မူးပြီး ရန်ဖြစ်ကြတယ်၊ ဒီလိုဖြစ်မှာမလိုလားပါဘူး” ဟု ၎င်းက ဆိုသည်။

နောက်ဆုံး ယစ်ပူဇော်ပွဲကျင်းပခဲ့သည့် ၂၀၀၉ ခုနှစ်က တိရစ္ဆာန်ကောင်ရေ သုံးသိန်းဝန်းကျင်ကို လည်ဖြတ်ခဲ့ကာ ကမ္ဘာပေါ်တွင် တိရစ္ဆာန်ကောင်ရေ အများဆုံး သတ်ဖြတ် ယစ်ပူဇော်ခြင်းလည်း ဖြစ်သည်။

ယစ်ပူဇော်ပွဲကျင်းပပြီးပါက ဘုရားကျောင်းဝန်းကျင်တွင် သွေးများ အိုင်ထွန်းနေခဲ့ကာ သားစိမ်းအညှီနံ့များ ပျံ့လွင့် ကျန်ရစ်ခဲ့သည်။ အာဏာပိုင်များက နွားခေါင်းများကို တွင်းတူး၍ ချက်ချင်း မြှုပ်နှံစေသည်။
ဆိတ်နှင့် ကြက်သားများကို ယစ်ပူဇော်သူများနှင့် ရွာသူရွာသားများအား ဝေငှကြကာ နွားများကိုမူ လေလံတင်၍ ရောင်းဝယ်ကြသည်။

တိရစ္ဆာန်အခွင့်အရေး ကာကွယ်လှုပ်ရှားသူများက ဘုရားကျောင်းအာဏာပိုင်များသည် ပြည်သူများ၏ ယုံကြည်ကိုးကွယ်မှုအပေါ် ငွေကြေးအရ အမြတ်ထုတ်နေကြသည်ဟု စွပ်စွဲလိုက်သည်။

“သူတို့က ၀င်ကြေး၊ ယာဉ်ရပ်နားကြေး စတဲ့ အခကြးငွေပေါင်းများစွာ ကောက်ခံပြီး ငွေညှစ်နေကြတာ” ဟု နိပေါနိုင်ငံ တိရစ္ဆာန်အကျိုးခံစားခွင့် ကာကွယ်စောင့်ရှောက်သူများ ကွန်ရက်မှ ဥက္ကဋ္ဌ မန်နော့ဂ်ျဂေါ်တမ်က ပြောသည်။

ဒဏ္ဍာရီအရ ဤဒေသတွင် ယင်းသို့ ယစ်ပူဇော်ပသလာသည်မှာ ရာစုနှစ်များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ဂါဒီမိုင်နတ်ဘုရားမက အကျဉ်းသား တစ်ဦးထံ အိပ်မက်ပေး၍ ဤအရပ်တွင် သူမအတွက် ဘုရားကျောင်း ဆောက်လုပ်ပေးရမည်ဟု ဆိုခဲ့သည်။

ထိုအကျဉ်းသား အိပ်ရာမှ နိုးသည့်အခါ ၎င်းကို ခတ်ထားသည့် လက်ထိပ်ခြေထိပ်များက အလိုအလျောက် ပြုတ်နေကာ ထောင်မှ ထွက်ပြေးနိုင်ခဲ့ပြီးနောက်တွင် နတ်ဘုရားမကို တိရစ္ဆာန်များ သတ်ဖြတ်၍ ယစ်ပူဇော်ခဲ့သည်ဟု ဒဏ္ဍာရီတွင်သည်။

တိရစ္ဆာန်အခွင့်အရေးအတွက် လှုပ်ရှားနေသူများသည် ယစ်ပူဇော်ပွဲစီစဉ်သူများနှင့် တိုင်ပင်၍ တိရစ္ဆာန်ကောင်ရေ ၂၅၀၀ ခန့်ကို ယနေ့နံနက်ပိုင်းက ကယ်ဆယ်နိုင်ခဲ့သည်။

အဆိုပါ ယစ်ပူဇော်ပွဲအား တားမြစ်ရန် ကြိုးပမ်းကြသူများတွင် ဗြိတိန် မင်းသား ဂျုံနာလမ်လေနှင့် ပြင်သစ် သရုပ်ဆောင် ဘာဒေါ့တို့လည်း ပါဝင်သည်။

ကျော်လင်းထွန်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal



No comments:

Post a Comment