Tuesday, 11 November 2014

မန်မာ့သူခိုးည သူခိုးက အိမ်ရှင်ကိုရိုက်နှက် တရားစွဲ

နိုဝင်ဘာ ၁၁ ရက် ၂၀၁၄

တန်ဆောင်မုန်း လပြည့်ည မြန်မာ့ရိုးရာ သူခိုးညက သျှမ်းပြည်တောင်ပိုင်း လဲချားမြို့သို့ အုတ်ရိုက် အငှားလိုက်နေထိုင်သည့် အောက်ပြည်သား လေးဦးက ရွာတွင်းကြက်များ လိုက်ခိုးရာ အိမ်ရှင်နှင့်တိုး၍ ရိုက်နှက်မှုဖြစ်ပွားပြီး ဆေးရုံတင်လိုက်ရသည့် အိမ်ရှင်အား သူခိုးကပြန်လည် တရားစွဲသည် ဟုသိရသည်။

နိုဝင်ဘာ ၆ ရက် တန်ဆောင်မုန်းလပြည့်ည(သူခိုးည)က လဲချားမြို့ အမှတ် ၇ ရပ်ကွက် နောင်မိန်းရွာ အတွင်း ဗြုန်းအုတ်လုပ်ငန်း အငှားရိုက်ရန် အောက်ပြည်မှရောက်လာသည့် ရွှေ့ပြောင်းအလုပ်သမား အောင်တင်ဆွေ၊ စိန်တင်အောင်နှင့်အပေါင်းအပါ ၂ ယောက်က ဆန်စက်ပိုင်ရှင် စိုင်းကောလိန်တ နေအိမ်သို့ ကြက်များသုံးကြိမ်သွားရောက်ခိုးယူခဲ့ရာ နောက်ဆုံးအကြိမ်တွင် အိမ်ရှင်နှင့်တိုးသဖြင့် အိမ်ရှင်အား ရိုက်နှက်မှုဖြစ်ပွါးခဲ့သည်ဟုဆိုပါသည်။

အိမ်ရှင် စိုင်းကောလိန်တ ခေါင်းကွဲကာ ဆေးရုံတင် ၇ ချက်ချုပ်လိုက်ရပြီးနောက် သူခိုး ၄ ယောက် သည် ၎င်းတို့အား အိမ်ရှင်မှ စောင့်ဆိုင်းရိုက်နှက်သည်ဟုဆိုကာ ရဲစခန်းတွင် အမှုဖွင့် ပြန်လည်တရား စွဲဆိုထားကြောင်း အိမ်နီးနားချင်း အသိုင်းအဝိုင်းကပြောသည်။
“ပထမ တကြိမ်နဲ့ ဒုတိယ တကြိမ်က ကြက်နှစ်ကောင်စီ လာခိုးသွားတယ်။ တတိယ အကြိမ်လာခိုးတော့ အိမ်ရှင်ကို သူတို့ကတွေ့သွားရော။ အဲဒါ အိမ်ရှင်ကို ပြန်ပြီးစောင့်ရိုက်တာ။ အိမ်ရှင်ကခုခံတယ်၊ လေး ယောက် တယောက်ဆိုတော့ မနိုင်လို့ အကူအညီအော်တောင်းတာ။ ရပ်ကွက်သားတွေ လာကူဖြေ ရှင်း မှ ပြီးသွားတယ်။ မိနစ် ၂၀ လောက်ပဲကြာတယ်။ သူခိုးက အုပ်စုလိုက်ပြန်ရောက်လာပြီး စိုးကောလိန်တ ရဲ့အိမ်နီးနားချင်းအိမ်တွေကို လာ ဆဲတယ်။ ခဲတွေနဲ့ ထုတယ်။ ခြံတွေကို ရိုက်ဖျက်တယ်” - ဟု အမည် မဖေါ်လိုသူ ရပ်ကွက်သူတဦးက ပြောသည်။

ဆေးရုံရောက် စိုင်းကောလိန်တ မှလည်း မိမိကြက်များခိုးခံရမှု၊ စောင့်ဆိုင်းရိုက်နှက်ခံရမှုတို့ဖြင့် အဆိုပါ သူခိုး ၄ ယောက်အား ပြန်လည် တရားစွဲဆိုထားသကဲ့သို့ စိုင်းကောလိန်တ ၏အိမ်နီးနားချင်းများ ကလည်း ၎င်းတို့အိမ်အား ခဲဖြင့်ပစ်ပေါက်မှု ဆဲဆိုကြိမ်းမောင်းမှုတို့ဖြင့် အောင်တင်ဆွေနှင့်အဖွဲ့အား ရဲစခန်းတွင် အမှုဖြင့် တရားစွဲဆိုထားသည်ဟု ဆိုသည်။

“အခု အမှု အားလုံးက ရဲစခန်းမှာဘဲ။ ဆေးရုံမှာ ခိုက်ရန်ဖြစ်ပွားမှုမဖြစ်ဖို့ သူတို့ကိုခွဲထားရတယ်။ စိုင်းကောလိန်တ က သံဃာ့ဆေးရုံမှာ၊ အောင်တင်ဆွေ နဲ့ အဖွဲ့က လဲချား ပြည်သူ့ဆေးရုံမှာ” - ဟု အမည်မဖေါ်လိုသည့် ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကပြောသည်။

ကျီးမနိုးပွဲ ခေါ် သူခိုးညသည် မြန်မာဟုလူသိများလာသည့် ဗမာဘုရင် ငတက်ဖျားခေတ်က စတင်လာ သည့် ဓလေ့ဖြစ်ပြီး နောက်ပိုင်း အခြားသောတိုင်းရင်းသားဒေသသို့ တဖြည်းဖြည်း ပျံ့နှံ့လာခြင်းဖြစ် သည်။ ထိုခေတ်က မပြည့်စုံသည့် တိုင်းသူပြည်သားများကို မစသည့် ဓလေ့အဖြစ်ပြုလုပ်ခဲ့သော်လည်း ယခုနောက်ပိုင်း ကြက်ခိုး၊ ဝက်ခိုး၊ တန်ဖိုးရှိပစ္စည်းများ ခိုးယူလာသည့် ဓလေ့အဖြစ်ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese



No comments:

Post a Comment