ကယ်လီဖိုးနီးယားပြည်နယ် စန်ဒီယေဂိုမြို့တွင် နေထိုင်သော မယ်လီဆာစမစ်ဆိုသည့် အမျိုးသမီးသည် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦး အိစ်လိတ်ခ်ဗေးလစ်ဂ်ျ ရှော့ပင်း စင်တာကြီးတစ်ခုရှေ့တွင် စနေနှင့် တနင်္ဂနွေနေ့များ၌ တွေ့မြင်ရသည်မှာ ၂ ပတ်ခန့် ရှိနေပြီ ဖြစ်သည်။ တွေ့သည့်အချိန်တိုင်းတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးက “ကျေးဇူးပြု၍ ကူညီကြပါ (Please Help)” ဟူသော စာသားပါသည့် ကတ်ထူပြားတစ်ချပ်အား ကိုင်ဆောင်ထားသည်ဟု ဆိုသည်။
“လူတော်တော်များများက သူတို့ကို ပိုက်ဆံတွေပေးသွားကြတယ်၊ ပြောမယ်ဆို ငါးမိနစ်ကို လူငါးယောက်နှုန်းလောက်တောင်ရှိတယ်”ဟု မယ်လစ်ဆာ စမစ်က ဆိုသည်။
သို့သော် ယခုသီတင်းပတ်အရောက်တွင်မူ မယ်လီဆာစမစ်အနေဖြင့် သူမ၏ကားအားဂတ်စ်ဖြည့်နေစဉ် အဆိုပါသားအမိ ၂ ယောက်အား ထပ်မံတွေ့ရှိခဲ့သည်ဟု ဆိုသည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ အဆိုပါသားအမိက ပိုက်ဆံတောင်းခံ သည့်နေရာမှ ထွက်လာပြီးနောက် အမျိုးသမီးဖြစ်သူက သူမ၏ ချစ်သူဟု ယူဆရသူနှင့်တွေ့ဆုံကာ မာစီဒီးကားကြီးပေါ်သို့ တက်သွားခဲ့ သည်ဟု ဆိုသည်။ မယ်လစ်ဆာက ဂတ်စ်ဖြည့်နေရာမှရပ်တန့်ကာ အဆိုပါကားနောက်သို့ ချက်ချင်းလိုက်ကြည့်ခဲ့ရာတွင် ကားရှေ့ခန်း၌ ပိုက်ဆံရေတွက်ရင်း ရယ်မောနေကြသည့် အဆိုပါအမျိုးသမီးနှင့် ချစ်သူဖြစ်သူကို တွေ့မြင်ရသည်ဟုဆိုသည်။
မယ်လစ်ဆာက သူမ တွေ့မြင်ခဲ့ရသည်များကို လျှပ်တစ်ပြက် ဓာတ်ပုံရိုက်ယူ၍ KGTV သတင်းဌာနသို့ အသိပေးပြောဆိုခဲ့ခြင်းဖြစ်သည်။
“ကားက မာစီဒီးဘန့်ဇ်နော်၊ အဟောင်းမဟုတ်ဘူး၊ အသစ်ကြပ်ကြွပ်ဘန့်ဇ်၊ သုံးယောက်လုံး ရှေ့ခန်းမှာ အတူတူစီးသွားကြတာ”ဟု မယ်လစ်ဆာက ဆိုသည်။
သူမက ကားလိုင်စင်နံပါတ်ပြားကိုပါ ဓာတ်ပုံရိုက်ယူခဲ့ခြင်းဖြစ်သည်။ သူမက အဆိုပါကားနောက်သို့ လိုက်ခဲ့ရာတွင် ဘွန်နီတာလမ်းမပေါ်ရှိ ရှော့ပင်းပလာဇာအတွင်းသို့ ၀င်သွားကြောင်းနှင့် ခဏအကြာတွင် ပြန်ထွက်လာကာ အမျိုးသမီးနှင့် သူမ၏သားငယ်ဖြစ်သူတို့က မူလအတိုင်းပင် ဈေးဝယ်သူများထံမှ ငွေကြေးများ တောင်းခံနေကြသည်ကို တွေ့မြင်ရသည်ဟု ဆိုသည်။
သတင်းဌာန၏ အဆိုအရ အဆိုပါကားလိုင်စင်နံပါတ်သည် အမျိုးသမီးတစ်ဦးအမည်ဖြင့် မှတ်ပုံတင်ထားခြင်းဖြစ်ပြီး တစ်လလျှင် ငှားရမ်းခ ဒေါ်လာ ၂၅၀၀ ၀န်းကျင်ကျသင့်သည့် အိမ်ရာတစ်ခုမှဖြစ်သည်ဟု ဆိုသည်။
ယင်းသို့ မယ်လီဆာစမစ်နှင့် ထိပ်တိုက်တွေ့ပြီးနောက်တွင် အဆိုပါသုံးဦးအား ထပ်မံ မတွေ့ရှိရတော့ကြောင်း ရဲများက ဆိုသည်။
Ref:Daily Mail
စည်သူကျော်စွာ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
No comments:
Post a Comment