Tuesday 11 November 2014

ယာဘဆေးသုံးစွဲသူ မိမိနေအိမ်အား မီးရှို့ဖျက်ဆီး

၂၀၁၄ နိုဝင်ဘာလ ၁၁ ရက်

သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့တွင် ယာဘစိတ်ကြွဆေးပြား သုံးစွဲသူတဦးက မိမိနေအိမ်အား မီးရှို့ ဖျက်ဆီးသည့် ဖြစ်ရပ်တခု ယနေ့ ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းသတင်းအရ သိရှိရသည်။

ယနေ့ (နိုဝင်ဘာလ ၁၁ ရက်) မွန်းလွှဲ ၂ နာရီခန့် မူစယ်မြို့ မန့်ဝိန်းရပ်နေ မန့်ဝိန်းဘုန်းကြီးကျောင်း အနီး နေထိုင်သည့် အသက် ၄၀ ကျော် ရှိ စိုင်းသန်းမောင်သည် မိမိနေအိမ်အား မီးတင်ရှို့ခဲ့ပြီး ၎င်းနေအိမ်နှင့်ကပ်လျက်ရှိ အိမ်တလုံးကိုလည်း ရှို့ခဲ့ကြောင်း၊ စိုင်းသန်းမောင်အား ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

“စိုင်းသန်းမောင်က ယာဘဆေးကြောင်ပြီး သူ့နေအိမ်ကို မီးရှို့လိုက်တာ အိမ်ပြာကျသွားတယ်။ ဘေးအိမ်လဲ တဝက်လောက်လောင်သွားသေးတယ်။ သူ တယောက်တည်းဘဲ နေတာ။ အဲဒီအိမ်မှာ။ သူ့ကိုတော့ ရဲတွေ ဖမ်းသွားပြီ” ဟု စွန်ဇော်ရပ်ကွက်နေ စိုင်းခမ်းက ပြောပါသည်။

လွန်ခဲ့သည့် ၄ နှစ်ခန့်ကတည်းက စိုင်းသန်းမောင်သည် ၎င်း၏ဇနီးအား မူးယစ်ရမ်းကားရိုက်နှက် သဖြင့် နှစ်ဦးကွာရှင်းပြတ်စဲခဲ့ကြောင်း၊ သားသမီး ၂ ယောက်လည်း မိခင်နှင့်အတူ နေထိုင်ကြောင်း၊ ထို့ကြောင့် အဆိုပါအိမ်တွင် စိုင်းသန်းမောင် တယောက်တည်းသာ နေထိုင်သည်ဟု သိရသည်။

မန့်ဝိန်းရပ်သည် မူစယ်မြို့ဆင်ခြေဖုန်းရပ်ကွက် နမ့်ခမ်းအသွားလမ်း တရုတ်နိုင်ငံ စယ်ကောဝ်မြို့ (ဂျယ်ဂေါင်မြို့)နှင့် မျက်နှာခြင်းဆိုင်တွင် တည်ရှိသည်။

မွေခေါဝ်
သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese


No comments:

Post a Comment