နေပြည်တော်၊ နိုဝင်ဘာ ၁၅
၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၆ နာရီခွဲအချိန် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းကျေးရွာတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ တောင်ခင်ရန်း ရဲကင်းရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ ကလေးမြို့မှ ဂန့်ဂေါမြို့သို့ ကလေးမြို့၊ တာဟန်းရပ်ကွက်နေ ခင်မောင်သန်း(၅၅)နှစ်မောင်းနှင်ပြီး ဇနီးဖြစ်သူ မ၀င်းဝင်း(၅၃)နှစ်နှင့် သားဖြစ်သူ မောင်သော်ဇင်စိုး(၂၀)နှစ်တို့ လိုက်ပါလာသော 9C /xxxx ပါဂျဲရိုးခဲရောင်ယာဉ်သည် ကလေး-ဂန့်ဂေါကားလမ်း၊ မိုင်တိုင်အမှတ်(၃၅/၅-၄)ကြား၊ မြောက်ခင်ရန်း ကျေးရွာ၊ ရွာအ၀င်ဆိုင်းဘုတ်အနီး လမ်းအကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက် အကျယ်(၂၅)ပေ၊ အနက်(၆)ပေခန့်ရှိ ဆည်ရေမြောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။
ယာဉ် တိမ်းမှောက်မှုကြောင့် ခင်မောင်သန်းနှင့် မောင်သော်ဇင်စိုးတို့ ၂ ဦးမှာ ရေမွန်း၍ သေဆုံးသွားခဲ့ပြီး ဒေါ်ဝင်းဝင်းတွင် ပွန်းပဲ့နာကျင်ဒဏ်ရာများရရှိခဲ့ကြောင်းနှင့် ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မဆင်မခြင် မောင်းနှင်သူ ခင်မောင်သန်းအား ကန်နယ်မြေရဲစခန်း ယာဉ်(ပ)၁၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
https://www.facebook.com/yezarnimedia
No comments:
Post a Comment